ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းဟာ ဩစတီးယားကလပ် LASK အသင်းကို အဝေးကွင်းမှာ ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး နောက် တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အသစ်ခေါ်ယူထားတဲ​့ ကစားသမားတွေဖြစ်တဲ့ အစ်ဟာလို ၊ ဖာနန်ဒက်စ်တို့ရဲ့ ခြေစွမ်းပြသမှုတွေနဲ့အတူ အစ်ဟာလို ၊ မာတာ ၊ ပါရဲယား ၊ ဒန်နီရယ်ဂျိမ်းစ် ၊ ဂရင်းဝုဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ငါးဂိုးပြတ်နဲ့ နိုင်ပွဲ တစ်ခုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Standard.com

ဩစတီးယားမြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ပရိသတ်တွေ မပါဝင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ခြေစွမ်းတွေက အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး ပွဲအစပိုင်းမှာတော့ LASKအသင်းရဲ့ ဖိအားပေးမှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ မန်ယူအသင်းရဲ့ ကစားပုံဟာ ပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၂၈မိနစ်မှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ရဲ့ လှပတဲ့ ပေးပို့မှုနဲ့အတူ တိုက်စစ်မှူးသစ် အစ်ဟာလိုက ဘောလုံးကို ဘယ်ခြေ ၊ ညာခြေနဲ့ တော့ပ်ကာ ဘယ်ခြေ အပြင်းကန်ချက်နဲ့အတူ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းပြီး အဖွင့်ဂိုးကို လှပစွာ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဒန်နီရယ်ဂျိမ်းစ် ၊ မာတာ ၊ ဂရင်းဝုဒ် ၊ ပါရဲယား စတဲ့ ကစားသမားတွေက အစဉ်လိုက်အတိုင်း ဂိုးသွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: The Standard.com

လက်ရှိမှာတော့ အစ်ဟာလိုရဲ့ အဖွင့်ဂိုးအပေါ် မန်ယူအသင်းရဲ့ ပရိသတ်တွေက အတော်လေးကို ချီးကျူးနေကြပြီး အစ်ဟာလိုဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး လူကာကူထက် first touch(ဘောလုံးထိန်းသိမ်းမှု)မှာ ကောင်းမွန်တယ်လို့ ချီးကျူးနေကြပါတယ်။ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လူကာကူဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ ကစားတဲ့အသင်းတိုင်းမှာ ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်သူပါ။ ဒါပေမယ့် လူကာကူဟာ ဘောလုံးထိန်းသိမ်းမှုအပိုင်းမှာ ညံ့ဖျင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဆိုပါ ကိစ္စနဲ့ပတ်သတ်ကာ မကြာခဏဆိုသလို ဝေဖန် ခံခဲ့ရတဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့ မန်ယူအသင်းရဲ့ ပရိသတ်တွေဟာ အစ်ဟာလိုကို သဘောကျနေကြပြီး ရာသီကုန်ရင် အပြီးသတ် ခေါ်ယူဖို့ အသင်းကို တိုက်တွန်းနေကြပါတယ်။