ရာသီအစတုန်းက အိမ်ကွင်းရလဒ်တွေ ဆိုးရွှားလွန်းမှုနဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အောက်နားလေးကို အလည်အပတ် ရောက်ရှိခဲ့ရပါတယ်။ ဒီလိုအခြေအနေဆိုးတွေနဲ့အတူ နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာလည်း တဖြည်းဖြည်းချင်း အရောင်မှိန်လာခဲ့သလို နည်းပြအပြောင်းအလဲ လုပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း အတော်လေးကို ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေနဲ့အတူ အမှတ်ပေးဇယားမှာ တဆင့်ပြီးတဆင့် တတ်လာရာ အခုဆိုရင် ဇယားထိပ်ဆုံးနေရာကိုတောင် ရောက်ရှိလို့နေပြီး ဒုတိယနေရာက လီဗာပူးလ်ကိုလည်း (၃)မှတ်ဖြတ်တောက်ထားပါတယ်။

Photo Credit : Sky Sports

ဒီလိုအနေအထားတွေအဖြစ် ပြောင်းလဲလာချိန်မှာ ဖာဂူဆန်နောက်ပိုင်းကတည်းက အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အိမ်မက်မက်ခွင့်တွေ ပြန်လည်ရရှိသွားခဲ့ပြီး နည်းပြဆိုးလ်ရှားအတွက်လည်း ယုံကြည်မှုတွေ ပြန်လည်အားကောင်းလာခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို ထိပ်ဆုံးနေရာကို ရောက်ရှိနေခြင်းကို အားရကျေနပ်နေလို့မရပဲ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ကိုသာ တိုက်ပွဲဝင်သွားမှဖြစ်မယ်လို့ အသင်းသားတွေကို ဆိုးလ်ရှားက သတိပေးပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက “ဒီအလှည့်အပြောင်းကြီးတစ်ခုလုံးဟာ ဒီကလပ်အသင်းမှာ ရှိနေကြတဲ့ လူအားလုံး အလုပ်ကြိုးစားမှုတွေရဲ့ ရလဒ်တစ်ခုပါပဲ”

Photo Credit : Goal

“မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့ အသင်းသားတွေ နည်းပြအဖွဲ့ဝင်တွေ ဝန်ထမ်းတွေ အသင်းပရိသတ်တွေအားလုံးရဲ့ ကြိုးစားမှုကနေ ပေါ်ထွက်လာတဲ့ အသီးအပွင့်တွေပါပဲ။ ကြိဲုးစားမှုတွေ သည်းခံမှုတွေကနေ အခုလို ထိပ်ဆုံးနေရာထိကို တတ်လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ဧဝရက်တောင်လို တောင်အမြင့်ကြီးကို တတ်တော့မယ်ဆိုရင် ခင်ဗျားတောင်ထိပ်ကို ရောက်တဲ့အခါကျရင် အနားယူမယ် တောင်ထိပ်မှာ ထိုင်နေမယ်ပေါ့။ ပြီးရင် ဘာတွေဆက်ဖြစ်မလဲ။ ခင်ဗျားအေးခဲပြီး သေသွားလိမ့်မယ်။ ဒါကြောင့် အခုချိန်က ဒီတိုင်းကျေနပ်နေရမယ့် အချိန်မဟုတ်ဘူး။ ဆက်ပြီးတိုက်ပွဲဝင်နေရမယ့်အချိန်ပါ။ ကျွန်တော့်အသင်းသားတွေဆီမှာ ကျွန်တော်တို့တွေ ကြီးမားတဲ့အောင်မြင်မှုတွေကို ရယူနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်တဲ့စိတ်တွေ စိတ်ဓါတ်ပိုင်းအားကောင်းမှုတွေကို ပိုင်ဆိုင်လို့ထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာပဲ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ယူခဲ့မယ်ဆိုရင် လီဗာပူးလ်ကို (၆)မှတ်အထိ ဖြတ်တောက်နိုင်မှာဖြစ်ပေမယ့် ရှုံးခဲ့မယ်ဆိုရင်တော့ ပထမနေရာကနေ ပြန်လည်ဆင်းပေးရမှာဖြစ်ပါတယ်။