MySport Myanmar

ပေါ်တူဂီ နည်းပြရာထူးအတွက် နားစွင့်ထားမယ်လို့ ပြောဆိုလိုက်တဲ့ ဗန်ဟားလ်

ဝါရင့် နည်းပြကြီး လူးဝစ်ဗန်ဟားလ်က ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းကို ကွာတားဖိုင်နယ်အဆင့်ထိ ပို့ဆောင်ထားပြီးနောက် နည်းပြရာထူးကနေ ထပ်မံ စွန့်ခွာခဲ့ရင်း နည်းပြအလုပ်ကို ကျောခိုင်းဖို့ ပြင်ဆင်လာခဲ့ပေမယ့်လည်း လစ်လပ်နေတဲ့ ပေါ်တူဂီအသင်းရဲ့ နည်းပြရာထူးအတွက် သူ့ကိုသာ ကမ်းလှမ်းလာမယ်ဆိုရင် သူ့ဘက်ကလည်း နားစွင့်သွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

\

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၇၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့် နည်းပြကြီး ဗန်ဟားလ်ဟာ နယ်သာလန်အသင်းကို ၂၀၂၁ခုနှစ် သြဂုတ်လကနေ စတင်ပြီး တတိယအကြိမ်မြောက် ပြန်လည် ကိုင်တွယ်ခဲ့ရင်း UEFA Nations League ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးထားနိုင်ခဲ့သလို ကမ္ဘာ့ဖလားမှာလည်း ကွာတားဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် နယ်သာလန်ကို ကိုင်တွယ်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲပေါင်း (၂၀)အတွင်း သာမာန် ပွဲချိန်အတွင်း လုံးဝ မရှံးနိမ့်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဗန်ဟားလ်က ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းကို ကိုင်တွယ်ပေးပြီးတဲ့နောက် ရာထူးကနေ ပြန်လည် ထွက်ခွာခဲ့ပြီး နည်းပြအလုပ်ကနေ အနားယူဖို့ အစီအစဉ် ရှိနေပေမယ့် ဖာနန်ဒိုဆန်းတို့စ်နဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီအသင်းက လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးအတွက် သူ့ကိုသာ ဆက်သွယ်လာမယ်ဆိုရင်တော့ သူကလည်း နားစွင့်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယူရို-၂၀၁၆နဲ့ Nations League ချန်ပီယံ ပေါ်တူဂီအသင်းဟာလည်း နည်းပြကြီး ဆန်းတို့စ်ရဲ့ ဦးဆောင်မှုနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲခဲ့ရာ ကွာတားမှာ မော်ရိုကိုအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နည်းပြဆန်းတို့စ်ပါ ရာထူးကနေ နုတ်ထွက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဘက်က ဆန်းတို့စ်နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် မော်ရင်ဟို အပါအဝင် ဘိုအာ့ရှ် ဖွန်ဆီကာတို့ကို စောင့်ကြည့်နေသလို နိုင်ငံတကာ အတွေ့အကြုံကောင်းတွေ ကြွယ်ဝလှတဲ့ ဗန်ဟားလ်ကိုပါ ဆက်သွယ်လာခဲ့မယ်ဆိုရင်လည်း ဗန်ဟားလ်က ပေါ်တူဂီနည်းပြ ရာထူးကို လက်ခံသွားချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Exit mobile version