ဒီနှစ် ဘောလုံးရာသီအတွင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ လာမယ့် weekend မှာတော့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းကို ရှုံးပွဲတွေ့အောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းတစ်သင်းဖြစ်ပြီး အန်ဖီးလ်မှာ ကစားခဲ့စဉ်က လူစားဝင် တောင်ပံကစားသမား ဟတ်ဆန် အိုဒွိုင်းရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Anfield Warp

အခုတော့ နော်တင်ဟမ်ရဲ့ အိမ်ကွင်း စီးတီးဂရောင်းမှာ နော်တင်ဟမ်နဲ့ လီဗာပူးလ်အသင်းတို့ ပြန်လည် ဆုံတွေ့ကြပြီဖြစ်ပြီး နော်တင်ဟမ်က နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲဆက်ထားတာ ဖြစ်သလို လီဗာပူးလ်ကလည်း အန်ဖီးလ်ရှုံးကြွေးကို ပြန်ဆပ်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လီဗာပူးလ်အနေနဲ့ ဒီပွဲမတိုင်ခင် ကြားရက်မှာ စပါးအသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပကျော့ပွဲကို ကစားထားရမှာဖြစ်လို့ အနည်းငယ် ပွဲပန်းနိုင်ပေမယ့် လိဂ်ဖလားပွဲ ဖြစ်တာကြောင့်မို့ အဓိက ကစားသမားတွေထက် အရန်ကစားသမားတွေကိုသာ ဦးစားပေး ပွဲထွက်အသုံးပြုလာနိုင်ပါတယ်။

Photo Credit : Goal

နော်တင်ဟမ်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံကြမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး လီဗာပူးလ်ကစားသမားဟောင်းကြီး Pundit ကာရေဂါက “တကယ်လို့ နော်တင်ဟမ် ဖောရက်စ်အသင်းက လီဗာပူးလ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းထဲကို ရောက်သွားပါမယ်။ တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် (၅)နေရာအထိ ရှိလာမယ်ဆိုရင်လည်း သူတို့က တစ်နေရာစာအတွက် အခွင့်အလမ်း ရှိလာပါမယ်။” လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ နော်တင်ဟမ်ဟာ မနေ့ညက ဝုလ်ဗ်ကို ဂိုးပြတ် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀) ကစားအပြီး ရမှတ် (၄၀) ရရှိထားသလို အမှတ်ပေးဇယားမှာ အဆင့်(၂)က အာဆင်နယ်အသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာမှာ ရပ်တည်လို့နေပါတယ်။