စပါးအသင်းဟာ လစ်လပ်လို့နေတဲ့ အသင်းနည်းပြရာထူးအတွက် နည်းပြသစ်ခန့်အပ်သွားဖို့ နာမည်ကျော် နည်းပြများစွာကို ချဉ်းကပ်ခဲ့သလို အန်တိုနီယိုကွန်တီလည်း သူတို့ရဲ့ပစ်မှတ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အီတလီစီးရီးအေ ချန်ပီယံဆုကြီး ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကွန်တီဟာ လက်ရှိမှာတော့ အင်တာအသင်းနဲ့ လမ်းခွဲထားခဲ့ပြီး အသင်းလက်မဲ့ ဖြစ်လို့နေတာကြောင့် သူ့ကို စပါးအသင်းဘက်ကနေ ကွန်တီကို သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းခဲ့ပါတယ်။

Photo Credit : Goal

အီတလီလူမျိုး နာမည်ကျော်ဘောလုံးနည်းပြ ကွန်တီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပြီး အင်္ဂလန်မြေမှာ စတင်နည်းပြခဲ့တဲ့ နှစ်မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီလို ပရီးမီးယားလိဂ်မှာ အောင်မြင်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ကို စပါးအသင်းကနေ အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းခဲ့ပေမယ့်လည်း ကွန်တီကတော့ စပါးအသင်းရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဒီလို ပယ်ချခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ကွန်တီက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : OTB Sport

ကွန်တီက “ယေဘုယျအားဖြင့်ဆိုရင် ကျွန်တော်က စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ ကျွန်တော်ရဲ့နည်းပြသက်တမ်းတလျှောက်မှာလည်း စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ရပါတယ်။ ကျွန်တော်ကိုင်တွယ်ခဲ့ဖူးတဲ့ တချို့ထိပ်တန်းအသင်းတွေဆိုရင် အဲ့ဒီအသင်းကို ကျွန်တော်ရောက်လာချိန်တုန်းက အသင်းက အကောင်းဆုံး အနေအထားမှာတောင် ရှိမနေပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အသင်းမှာ လက်ခံယုံကြည်နိုင်စရာမကောင်းတဲ့ အရာတစ်ခုခု ရှိနေမယ်ဆိုရင် ငွေကြေးဘယ်လောက်နဲ့ပဲပဲ ကမ်းလှမ်းကမ်းလှမ်း ကျွန်တော်လုံးဝလက်မခံပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွန်တီကို ကမ်းလှမ်းထားမှု မအောင်မြင်ခဲ့တဲ့ စပါးအသင်းဟာ လက်ရှိမှာတော့ ရိုးမားအသင်းရဲ့ နည်းပြဟောင်း ပေါ်လိုဖွန်ဆီကာကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ လုပ်ဆောင်လျက်ရှိနေပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့တဲ့ နည်းပြဟိုဆေးမော်ရင်ဟိုကတော့ ရိုးမားအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာကိုယ်တိုင်ကလည်း စပါးအသင်းနဲ့ ပူးပေါင်းသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး (၃)နှစ်စာချုပ်ချုပ်ဖွယ် ရှိနေပါတယ်။