မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လာမယ့် တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ နောက်ထပ် ပွဲကျပ် ပွဲစဉ်တစ်ပွဲကို ဆင်နွဲရဖို့ ရှိနေပြီး ဒီပွဲကိုသာ ထပ်မံ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်ဟက်ဂ်ရဲ့ အနာဂတ်က လုံးဝကို ဝေဝါးသွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်အသင်းက နောက်ဆုံး ကစားထားတဲ့ (၅)ပွဲအတွင်းမှာ နိုင်ပွဲက (၁)ပွဲလေးသာ ရှိခဲ့ရပြီး ရှုံးပွဲ (၃)ပွဲနဲ့ သရေပွဲ(၁)ပွဲ ဖြစ်ထားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း အုပ်စုအောက်ဆုံးနေရာနဲ့ ထွက်ခွာထားခဲ့ရပါသေးတယ်။

Photo Credit : Sporting Life

တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ဆုဖလားတစ်ခု နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူပေးထားခဲ့ပေမယ့်လည်း သူရဲ့ ဒုတိယမြောက်ရာသီ ဒီရာသီမှာတော့ သူရဲ့ လုပ်ပုံကိုင်ပုံတွေက အများ ပြစ်တင်ဝေဖန်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။

ဆန်ချို ဗာရန်းတို့လို ကစားသမားတွေနဲ့ အဆင်မပြေမှုတွေ အသင်းက ကစားသမားတွေကို သြဇာ မလွှမ်းမိုးနိုင်မှုတွေ အသင်းအတွက် ကောင်းမွန်တဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲတွေလည်း မလုပ်ဆောင်နိုင်တော့ပဲ ရာသီဝက်လောက် ကစားပြီးချိန် (၁၂)ပွဲအထိတောင် ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Football Transfer

အခုလည်း တန်ဟက်ဂ်ဟာ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး မနှစ်ကလည်း အန်ဖီးလ်မှာပဲ (၇)ဂိုးပြတ်နဲ့ မရူမလှ အရေးနိမ့်ခဲ့ရသလို လက်ရှိမှာက ဖိအားတွေနဲ့ ရင်ဆိုင်နေရတာမို့ ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။

ယခင်ကလည်း ယူနိုက်တက် နည်းပြဟောင်းတွေဖြစ်တဲ့ မိုရက်စ် ဗန်ဟားလ် မော်ရင်ဟို နဲ့ ဆိုးလ်ရှားတို့ အားလုံးဟာလည်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်းတွေမှာပဲ ရာထူးတွေကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တကယ်လို့ တန်ဟက်ဂ်ပါ လီဗာပူးလ်ကို ထပ်ရှုံးမယ်ဆိုရင်လည်း ယူနိုက်တက် နည်းပြဟောင်းတွေရဲ့ လမ်းစဉ်အတိုင်း ဖြစ်သွားနိုင်ဖွယ် ရှိနေပါတယ်။