MySport Myanmar

ဖေမီနိုကို ဒီဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တဲ့ လီဗာပူးလ်

တချိန်က လီဗာပူးလ်အသင်းရဲ့ အားအကောင်းဆုံး (၃)ယောက်တန်း တိုက်စစ်အတွဲအဖက်ကတော့ ၂၀၂၂ခုနှစ် နွေရာသီမှာပဲ လုံးဝအဆုံးသတ်ရဖွယ် ရှိနေပါတယ်။ မိုဟာမက်ဆာလာ ဆာဒီယိုမာနေး ရောဘတ်တိုဖေမီနိုတို့ရဲ့Trio အတွဲအဖက်ထဲမှာ မိုဆာလာတစ်ဦးတည်းသာ လီဗာပူးလ်နဲ့ ဆက်လက်ကျန်ရစ်နေရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပြီး မာနေးက လီဗာပူးလ်နဲ့ လမ်းခွဲခဲ့ပြီ ဖြစ်သလို ဖေမီနိုဟာလည်း ဒီနွေမှာပဲ လီဗာပူးလ်ကနေ စွန့်ခွာရဖွယ် ရှိနေပါတယ်။

Photo Credit : Liverpool FC

အသက်(၃၀)အရွယ်ရှိ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖေမီနိုဟာ လီဗာပူးလ်အသင်းဆီကို ၂၀၁၅ခုနှစ်ကတည်းက ဟော်ဖန်ဟင်မ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေအပြင် ဆုဖလားများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာလည်း မာနေး ဆာလာတို့နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဖေမီနိုဟာ လီဗာပူးလ်အသင်းအတွက် (၇)ရာသီအတွင်း (၃၂၇)ပွဲ ပါဝင်ကစားပေးခဲ့ရင်း စုစုပေါင်း (၉၈)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sporx

လက်ရှိမှာတော့ ဖေမီနိုဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ လီဗာပူးလ်ဘက်ကနေ ဖေမီနိုနဲ့ရော သူရဲ့ အေးဂျင့်နဲ့ပါ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့များ ဖေမီနိုဘက်ကသာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်မယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ ဖေမီနိုကို အသင်းမှာ ဆက်ထားပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကုန်မှသာ အလွတ်နဲ့ ထွက်ခွာခွင့်ပြုတာမျိုးထက် အခုနွေမှာပဲ တစ်ခါတည်း ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖေမီနိုကို စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းနဲ့ ခေါ်ယူသွားချင်နေပါတယ်။ တချို့သတင်းတွေမှာတော့ ဂျုဗင်တပ်စ်ဘက်က ယူရို(၂၅)သန်းနဲ့ပါ ကမ်းလှမ်းထားပြီးပြီလို့ ဖော်ပြထားခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ဖေမီနိုရဲ့ အခြေအနေကို မေးမြန်းနေကာ ဖေမီနိုသာ လက်ခံခဲ့မယ်ဆိုရင်တော့ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လီဗာပူးလ်ကတော့ တိုက်စစ်မှာ မိုဆာလာ လူးဝစ်ဒီယက်ဇ် ဂျိုတာ အဲလိယက်တို့အပြင် ဒီရာသီမှ ဘင်ဖီကာကနေ ခေါ်ယူထားတဲ့ ဒါဝင်နူနက်ဇ်ပါ ရှိနေတာကြောင့် ဖေမီနိုကို ရောင်းချလိုက်မယ်ဆိုရင်လည်း တိုက်စစ်က အားလျော့စရာ မရှိနိုင်တာ သေချာနေပါတယ်။

Exit mobile version