နာပိုလီ ချယ်လ်ဆီးအသင်းတို့ရဲ့နည်းပြဟောင်းကြီးဖြစ်သူဆာရီဟာ ဒီရာသီမှာတော့ အီတလီစီးရီးအေရဲ့နာမည်ကြီး ကလပ်အသင်းကြီးဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြအဖြစ် စတင်ဆောင်ရွှက်ခဲ့ပြီး အသင်းကို သူရဲ့ပုံစံအတိုင်း ပြောင်းလဲကိုင်တွယ်နိုင်ခဲ့ပေမယ့်လည်း အသင်းကတော့ အရင်ဂျုဗင်တပ်စ်ရဲ့ဟန်ပန်လောက် အပြည့်အဝကောင်းမွန်ခြင်းမရှိလာတာကြောင့် ဂျုဗင်တပ်စ်အသင်းက ရာသီအကုန်မှာပဲ ဆာရီနဲ့လမ်းခွဲဖွယ်ရှိနေသလို ဆာရီသာ ဂျုဗင်တပ်စ်ကနေ ထွက်ခွာမယ်ဆိုရင် သူရဲ့တပည့် ဂွန်ဇာလိုဟီဂွာအင်ကပါ ဆာရီနောက်ကို လိုက်ပါသွားဖွယ်ရှိနေပါတယ်။

ဆာရီက ဂျုဗင်တပ်စ်အသင်းကို ကိုင်တွယ်ချိန်မှာ သူရဲ့နည်းစနစ်တွေအတိုင်းပဲ အသင်းကိုတည်ဆောက်ခဲ့ပြီး သူ့နည်းစနစ်တချို့က အသင်းအတွက် အံ့ဝင်ခွင်ကျမရှိတာကြောင့်မို့ ဂျုဗင်တပ်စ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနားမှာ ရပ်တည်နေသည့်တိုင်အောင် ကစားပုံက အားရစရာမရှိသလို ရာသီမကုန်ခင် လိဂ်ပွဲ ၂၅ပွဲကစားထားပြီးနောက်မှာ ရှံးပွဲက ၃ပွဲအထိ ရှိထားခဲ့သလို သွင်းဂိုးနဲ့ပေးဂိုးအပိုင်းတွေမှာလည်း သူရဲ့အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ လာဇီယို အင်တာမီလန်အသင်းတွေနဲ့ ယှဉ်ကြည်မယ်ဆိုရင် ကျဆင်းမှုတွေရှိလို့နေပါတယ်။

ဒီနောက်ပိုင်း ထွက်ပေါ်နေတဲ့သတင်းတွေအရ ဂျုဗင်တပ်စ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အင်တာမီလန်အသင်းနဲ့ ကစားရမယ့် စီးရီးအေပွဲမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဆာရီကို အသင်းကနေ ထုတ်ပယ်သွားတော့မယ်လို့ သိရှိထားရတဲ့အတွက် ဆာရီအနေနဲ့ သူရဲ့နည်းပြရာထူးကို ဆက်လက်မြဲနေစေဖို့အတွက် လာမယ့်ပွဲတွေမှာ အမှားခံလို့မရတော့တဲ့ အနေထားတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ကသာ ဆာရီနဲ့ လမ်းခွဲလိုက်မယ်ဆိုရင် သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား ဟီဂွာအင်ကိုပါ တစ်ပါတည်းဆုံးရှံးရမှာဖြစ်ပါတယ်။ ဟီဂွာအင်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်ဧပြီလမှာ စာချုပ်ကိစ္စကို ဆွေးနွေးမှာဖြစ်ပေမယ့် တကယ်လို့သာ သူနဲ့ အသင်း(၃)သင်းမှာ အတူတူလက်တွဲခဲ့ဖူးတဲ့ ဆာရီသာ ဂျုဗီကနေ အထုတ်ပယ်ခံရမယ်ဆိုရင် ဟီဂွာအင်မှာလည်း ဆာရီရဲ့နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားနိုင်ပါတယ်။