MySport Myanmar

နာပိုလီက ထွက်ခွာဖြစ်ရင် ချယ်လ်ဆီးကိုသာ ပြောင်းရွှေ့မယ်ဆိုတဲ့ အိုဆီမန်

နာပိုလီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်က သူသာ နာပိုလီကနေ ထွက်ခွာဖြစ်မယ်ဆိုရင် သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းဆီသာ ပြောင်းရွှေ့လိမ့်မယ်လို့ Daily Record ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ သူရဲ့အဆုံးသတ် ကောင်းမွန်မှုတွေ ပြေးအားတွေ ခန္ဓာကိုယ် သန်မာမှုတွေကြောင့် သူ့ကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်နေကြတာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဝုလ်ဖ်ဘတ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ အိုဆီမန်ဟာ ၂၀၂၀ခုနှစ်ကမှ လိုင်လီကနေ နာပိုလီအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း(၈၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ နာပိုလီ ကစားသမားဘဝ တတိယမြောက် ဘောလုံးရာသီမှာပဲ နာပိုလီအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

အိုဆီမန်ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ နာပိုလီအသင်းအတွက် စီးရီးအေ သွင်းဂိုး (၂၆)ဂိုးအထိ သွင်းယူခဲ့ရင်း နာပိုလီကို စီးရီးအေ အမှတ်ပေး ချန်ပီယံ ဖြစ်လာစေခဲ့သလို သူ ကိုယ်တိုင်ကလည်း စီးရီးအေရဲ့ သွင်းဂိုးအများဆုံးဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : CNN

ဒီလို အကောင်းဆုံး စွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့တဲ့ အိုဆီမန်ကို ရီးယဲလ် ဘာစီလိုနာ ပီအက်စ်ဂျီ ချယ်လ်ဆီး မန်ယူနိုက်တက် အာဆင်နယ်တို့လို အသင်းတွေက အပြိုင် စိတ်ဝင်စားလာခဲ့ပြီး အိုဆီမန်ရဲ့ အနာဂတ်ဟာလည်း အတော်လေး လှုပ်ခတ်လာခဲ့ရပါတယ်။

ဒီအချိန်မှာ အိုဆီမန်က သူရဲ့ နာပိုလီအသင်းအတွက်ကိုသာ အာရုံစိုက်ထားပြီး အသင်းမှာပဲ သူ့ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖွယ်သာ ရှိနေပေမယ့် တကယ်လို့သာ အသင်းပြောင်းဖြစ်မယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားမယ်လို့ Daily Record ကနေ ဖော်ပြထားပါတယ်။

Exit mobile version