မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်း ဒါမှမဟုတ် တောင်ပံလူ ဆန်ချိုကို ခေါ်ယူနိုင်မယ်ဆိုရင် အငှားနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အီဟာလိုကို အသင်းမှာ ဆက်ထိန်းထားစရာ အကြောင်း မရှိပါဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဟာလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ နောက်ဆုံးနေ့မှာ တရုတ်ကလပ် ရှန်ဟိုင်းအသင်းကနေ မန်ယူအသင်းကို အငှားနဲ့ ပြောင်းရွေ့ခဲ့ပြီး မန်ယူအသင်းအတွက် ပွဲစဉ် အနည်းသာ ကစားထားသေးတာ ဖြစ်ပေမဲ့လည်း ခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ဒါ့မွန် တောင်ပံ ကစားသမား ဆန်ချိုကို ချဲလ်ဆီးအသင်းထက် ခေါ်ယူနိုင်ဖို့ အလားအလာ ပို များနေပြီး စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းကလည်း စပါးအသင်းကို ဆုဖလား ရရှိအောင် ပြန်လည် တည်ဆောက်ဖို့ထက်စာရင် အသင်းပြောင်းဖို့ကိုသာ ပို စိတ်ပါနေပါတယ်။ အီဟာလိုဟာ မန်ယူအသင်းကို ရောက်လာခဲ့စဉ်ကတည်းက မန်ယူအသင်းအတွက် ပွဲစဉ် (၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုး သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့ပေမဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ လိုအပ်လာပြီဆိုရင် အီဟာလိုကို
ဆက်ထိန်းထားဖို့ မလိုဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Goal သတင်းမှာ ဘာဘာတော့ဗ်က “တကယ်လို အီဟာလိုက အခုလို ပုံစံအတိုင်း ဆက်လက် ကစားနေမယ်၊ ဂိုးတွေ သွင်းနေမယ်၊ အသင်းကို ကူညီနေမယ် ဆိုရင် သူ့ကို နောက်ထပ် (၁) နှစ် စာချုပ် ထပ်ချုပ်သင့်ပေမဲ့ လက်ရှိ မြေပြင်အခြေအနေကို ချိန်ချင့်ဖို့တော့ လိုအပ်ပါတယ်။ ဆန်ချို နဲ့ ကိန်းက လက်ရှိအချိန်မှာ မန်ယူအသင်းကို ရောက်လာနိုင်တဲ့ ကစားသမားတွေလို့ နာမည်ထွက်နေတော့ အသင်းအနေနဲ့ ဘယ်လမ်းကြောင်းနဲ့ သွားချင်သလဲ ဆိုတာကို ပြန်ပြီး ချိန်ချင့်ရပါမယ်။ အသင်းက တိုက်စစ်မှူးကို ဝယ်ချင်လား။ ဝယ်ချင်တယ် ဆိုရင် အီဟာလိုကို ဆန်ထိန်းထားဖို့ မလိုပါဘူး။ လက်ရှိအနေအထား အရဆိုရင် မန်ယူအသင်းက အသုံးပြုတဲ့ ငွေ အလွန် များတယ်လို့ မမြင်ပါဘူး။ အီဟာလိုလည်း ဆက်နေနိုင်ပါတယ်”လို့ ပြောသွားပါတယ်။