အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ် weekend မှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဒီရာသီရဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် ပြေးလမ်းကနေ ထွက်ခွာရပြီလို့ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ မတွေ့ဆုံရခင်က ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်း ဖြစ်နေပေမယ့်လည်း ဘုန်းမောက်နဲ့ပွဲမှာ အဓိက နောက်ခံလူ ဆလီဘာ ထုတ်ပယ်ခံရပြီး အဲ့ဒီပွဲမှာပဲ ဘုန်းမောက်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အာဆင်နယ်ကို အနိုင်ယူခဲ့ရင်း အာဆင်နယ်လည်း ရှုံးပွဲတွေ့ခဲ့ရပါတယ်။

Photo Credit : Opta Analyst

အာဆင်နယ်က ဒီရာသီထဲ ပရီးမီးယားလိဂ် (၈)ပွဲ ကစားပြီးချိန် (၅)ပွဲနိုင် (၂)ပွဲသရေ (၁)ပွဲရှုံးထားပြီး ရမှတ် (၁၇)မှတ်နဲ့ အဆင့် (၃)နေရာမှာ ဗီလာအသင်းနဲ့အတူ ရပ်တည်လို့နေပါတယ်။ လီဗာပူးလ်ကတော့ ဒီရာသီ ဆလော့လက်ထက်မှာ မထင်ထားလောက်အောင် ခြေစွမ်းပြနေပြီး (၇)ပွဲနိုင် (၁)ပွဲရှုံးနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။

ဒီတစ်ပတ်တော့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ဟာ အမ်းမရိတ်ဒ်ကွင်းမှာ ထိပ်တိုက် တွေ့ဆုံကြရမှာဖြစ်ပြီး ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်နေပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ပေါလ်မာဆင်က “အာဆင်နယ်က ဒီပွဲကို ရှုံးပြီးမှ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်ဆိုရင် အံ့အားသင့်ရပါလိမ့်မယ်။ ဒါက တစ်သင်းတည်း ပြိုင်နေရတာ မဟုတ်ပါဘူး။ နှစ်သင်းနဲ့ ပြိုင်နေရတာပါ။ အခုက ပွဲစဉ် (၂၉)ပဲ ကျန်နေတော့တာပါ.”

Photo Credit : Sky Sports

“ကျွန်တော်က ပရီးမီးယားလိဂ်ဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ပဲ ချန်ပီယံဆုအတွက် ပြိုင်ရမယ်ဆိုရင် ခင်ဗျားတို့က အာဆင်နယ်လည်း ပါနိုင်သေးတယ်လို့ ပြောနိုင်ပေမယ့် ရမှတ်က (၇)မှတ်လောက်သာ ကွာသွားမယ်ဆိုရင်တော့ ချန်ပီယံဆုကို နှစ်တစ်သန်းလောက်မှာတောင် ရနိုင်မှာ မဟုတ်ပါဘူး။”

“ဒါကြောင့် (၂၉)ပွဲပဲ ကျန်တော့မယ့် အချိန်မှာ လုံးဝ အမှားခံလို့ မဖြစ်ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်အနေနဲ့ လီဗာပူးလ်ကိုသာ ရှုံးနိမ့်ရမယ်ဆိုရင် ချန်ပီယံပြေးလမ်းကနေ ထွက်ခွာရပြီလို့ပဲ ကျွန်တော်ကတော့ ထင်မိပါတယ်။” ဟောကိန်းထုတ်သွားခဲ့ပါတယ်။ လက်ရှိ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကြား ရမှတ် (၄)မှတ်အထိ ကွာဟနေလို့ သရေ ဒါမှမဟုတ် အာဆင်နယ် ရှုံးခဲ့မယ်ဆိုရင် (၅)မှတ် (၇)မှတ်အထိတောက် ကွာဟသွားမှာပဲ ဖြစ်ပါတယ်။