MySport Myanmar

(၁)%ပဲ ရှိနေမယ်ဆိုရင်တောင် ကြိုးစားချင်ပါသေးတယ်လို့ ဆိုလာတဲ့ ကလော့ပ်

လီဗာပူးလ်အသင်း နည်းပြကြီး ယာဂင်ကလော့ပ်က ဒီနေ့ည ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်အတွင်းမှာ သူတို့အသင်းအတွက် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က အခွင့်အရေး (၁၀)%ပဲ ရှိနေမယ်ဆိုရင်တောင် ကြိုးစားကြည့်ချင်ပါသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်ကွင်းမှာ ကစားခဲ့ရတဲ့ ရှုံးထွက် ပထမအကျော့ပွဲစဉ်အတွင်း ရီးယဲလ်အသင်းကို (၂-၅)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် ဘာနေဗျူးမှာ ပြန်လာနိုင်ဖို့ဆိုတာက အတော်လေးကို ခဲယဉ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ဆီ ရောက်ရှိဖို့ဆိုတာက အခွင့်အရေး အနည်းငယ်လေးသာ ရှိနေမယ်ဆိုရင်တောင် ကြိုးစားကြည့်သွားချင်တယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ကလော့ပ်က “လွန်ခဲ့တဲ့ (၃)ပတ်က ပွဲအပြီးမှာ ကျွန်တော် ပြောခဲ့တာက မက်ဒရစ်တို့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပြီလို့ ပြောခဲ့တာပါ။ ဒါပေမယ့် (၃)ပတ်လောက်ကြာတော့ ကစားစရာ ပွဲတစ်ပွဲ ရှိသေးတယ်ဆိုတာကို ကျွန်တော်တို့ သိထားရပြီး တကယ်လို့ အခွင့်အရေး တစ်ရာခိုင်နှုန်းသာ ရှိနေဦးမယ်ဆိုရင်တောင် ကြိုးစားကြည့်ချင်ပါသေးတယ်။ အခု အခန်းထဲမှာ ကျွန်တော်တို့အသင်းက ဘာအခွင့်အရေးမှ မရှိတော့ဘူးလို့ တွေးနေကြမယ့် လူတွေ ရာနှုန်းပြည့်ကို ရှိနေပါတယ်။ ကျွန်တော် တစ်ဦးတည်းကပဲ ကျွန်တော်တို့မှာ အခွင့်အရေး ပါးပါးလေး ရှိနေတယ်လို့ တွေးမိနေတာဆိုရင်လည်း ဒါက ပြသာနာ မရှိပါဘူး။ ငါတို့ပြန်လာမယ် သတိထား ဆိုတာမျိုးတော့ ကျွန်တော်တို့ ပြောမှ မဟုတ်ပေမယ့် တကယ်ကို ကောင်းကောင်းမွန်မွန် ကစားသွားရပါလိမ့်မယ်”

Photo Credit : Football365

“ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးကို (၃)ဂိုး ကွာခြားထားချိန်မှ ကစားရမယ်ဆိုတာ တကယ့်ကို မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ အရှုံးမရှိပါဘူး။ ကျွန်တော်တို့ကို အနည်းငယ်သော ယုံကြည်မှုလေးသာ ရှိနေတာမို့ လူတွေ ယုံကြည်မှု နည်းနေတာကို လုပ်ပြသွားနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ လီဗာပူးလ်ဘက်က ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန်(အဖျား) ဘာဂျစ်စတစ်(ကြွက်သားပြသာနာ)တို့ လွဲချော်ရဦးမှာ ဖြစ်ပေမယ့်လည်း ကလော့ပ်ကတော့ သူ့အသင်းအပေါ် အကောင်းမြင်စိတ်သာ ထားရှိနေပါတယ်။

Exit mobile version