ဇူလိုင်လကတည်းက အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေတဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူးကြီး ကားလို့စ်တဲဗက်ဇ်ဟာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းထားခဲ့ပြီး လက်ရှိမှာတော့ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်လို့ သူသာ ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင် သူနဲ့အတူ ကလပ်အသင်းများစွာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေနဲ့ သူရဲ့နှုတ်ဆက်ပွဲကို ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

အသက်(၃၇)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဝါရင့်ကစားသမားကြီး တဲဗက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် မန်စီးတီး ဂျုဗင်တပ်စ်တို့လို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေအပြင် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းယူနိုက်တက် ဘရာဇီးလ်ကလပ် ကိုရင်သီယန်နဲ့ သူရဲ့မွေးရပ်မြေကလပ် ဘိုကာဂျူနီယာအသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ် ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပိုင်ဆိုင်ခဲ့ဖူးတဲ့ တဲဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းနဲ့ လမ်းခွဲခဲ့တဲ့နောက်မှာ ကစားသမားဘဝကနေ ခေတ္တအနားယူဖို့ လိုအပ်တယ်ဆိုပြီး ပြောဆိုလာခဲ့ကာ အခုချိန်ထိ ဘယ်အသင်းနဲ့မှ လက်မတွဲပဲ Free Agent ကစားသမားအဖြစ် ဆက်ရှိနေသလို အနားယူဖို့ကလည်း မသေချာသေးဘူးလို့ သိရှိရပါတယ်။

Photo Credit : 9 Football

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တဲဗက်ဇ်က “တကယ်လို့ ကျွန်တော်သာ ဘောလုံးသမားဘဝကနေ အနားယူဖြစ်မယ်ဆိုရင် အားလုံးကို စုစည်းပြီး ကျွန်တော်ရဲ့ နှုတ်ဆက်ပွဲတစ်ပွဲကို ကျင်းပချင်ပါတယ်။ ကျွန်တော့်အသင်းမှာတော့ ဂိုးသမားဘူဖွန် ညာနောက်ခံလူ ဟူဂိုအီဘားယာ နောက်ခံလူတွေအဖြစ် ရီယိုဖာဒီနန်နဲ့ ဂါဘရီရယ်ဟိန့်ဇ် ဘယ်ခြမ်းခံစစ်မှာ ပက်ထရစ်အီဗရာ ကွင်းလယ်မှာတော့ အန်ဒရေယာပီယာလို ပေါလ်ပေါ့ဘာနဲ့ ပေါလ်စခိုး တိုက်စစ်မှာက ခရစ္စတီယာနိုရော်နယ်လ်ဒို လီယွန်နယ်မက်ဆီနဲ့ ဝိန်းရွန်နီတို့ ထားမယ်။ ကျွန်တော်ကတော့ အရန်ခုံမှာပဲ ထိုင်ကြည့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ တဲဗက်ဇ် ရွေးချယ်သွားတဲ့ ကစားသမားထဲမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း (၅)ယောက်အထိ ပါဝင်လာခဲ့ပြီး ဂျုဗင်တပ်စ်အသင်းရဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားတွေကို (၄)ယောက်အထိ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းမှာ ကစားခဲ့တုန်း တွဲဖက်ကစားခဲ့သူတွေ တစ်ဦးမှကို မထည့်သွင်းခဲ့တာကတော့ အတော်လေး အံ့အားသင့်စရာ ကောင်းနေရပါတယ်။