ဗလင်စီယာနဲ့ ပွဲစဉ်မှာ သူ့အနေနဲ့ ကွင်းလယ်ဒိုင်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ရင့်ရင့်သီးသီးတွေ ပြောဆို တုံ့ပြန်မှု လုပ်ဆောင်ခဲ့ခြင်း မရှိပေမယ့်လည်း တကယ်လို့ ပွဲပယ်ပြစ်ဒဏ် ကျခံရမယ်ဆိုရင်လည်း ဒီအပြစ်ကို သူကတော့ လက်ခံတယ်လို့ ရီးယဲလ် ကြယ်ပွင့်ကစားသမား ဘယ်လင်ဟမ်က ပြောကြားသွားခဲ့ပါတယ်။

ဗလင်စီယာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျနေတဲ့ လာလီဂါပွဲစဉ်အတွင်း ပွဲပြီးခါနီးမှာ ဘယ်လင်ဟမ်က အနိုင်ဂိုးကို သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ရီးယဲလ်တိုက်စစ်ဆင်နေရင်း ပွဲသိမ်းခရာမှုတ်ခဲ့သလို ဘယ်လင်ဟမ်ရဲ့ ဂိုးကိုလည်း ခွင့်မပြုပဲ ပယ်ဖျက်သွားခဲ့ပါတယ်။

Photo Credit : Egale Turbine

ဒီလို ဂိုးပယ်ဖျက်ခဲ့မှုကို ရီးယဲလ်ကစားသမားတွေက လက်မခံနိုင်လို့ ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်း စောဒကတက်ခဲ့ကြရာ အနိုင်ဂိုးရှင် ဘယ်လင်ဟမ်လည်း စောဒကတက်တဲ့ အထဲမှာ ပါဝင်ခဲ့ပြီး သူ့ကိုတော့ ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်ပြား ပြသခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူ့ကစားသမား ဘယ်လင်ဟမ်က ဒိုင်လူကြီးကို စောဒကတက်ရင်း ဆဲဆိုတာတွေ လုပ်ခဲ့တာမဟုတ်ပဲ သူသွင်းယူခဲ့တဲ့ ဂိုးက ခွင့်ပြုသင့်ကြောင်းကိုသာ ဒေါသတကြီး ပြောဆိုမိခဲ့တာလို့ ပြန်လည် ဖြေရှင်းခဲ့ပါသေးတယ်။

 

Photo Credit : CNN

ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင်ကို (၂)ပွဲ ကြီးကြပ်ခွင့် ပိတ်ပင်ခဲ့သလို အနီကတ် ပြသခံခဲ့ရတဲ့ ဘယ်လင်ဟမ်ကိုလည်း (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ရီးယဲလ်ဘက်ကတော့ ဘယ်လင်ဟမ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အယူခံ ဆက်လက် ဝင်သွားဦးမှာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ကတော့ “ပွဲပယ်ပြစ်ဒဏ်လား။ ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြောတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ကျွန်တော့်အသင်းဖော်တွေ ပြောခဲ့တဲ့ စကားတွေနဲ့ ဘာမှ ကွဲပြားနေတာမျိုးကို ကျွန်တော် မပြောခဲ့ဘူး။ ကျွန်တော် (၂)ပွဲအပယ်ခံရမယ်ဆိုရင်လည်း လက်ခံလိုက်မယ်။ အသင်းကို လိုက်လံ အားပေးသွားမယ်။” လို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။