မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းအနေနဲ့ လာမယ့် လူတန်တောင်းအသင်းနဲ့ ပွဲစဉ်မှာပါ သွင်းဂိုး ထပ်မံ သွင်းယူနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

အသက် (၂၁)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းက ဒီရာသီမှာပဲ အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက် တိုက်စစ်မှာ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဟွိုင်လန်းက ယူနိုက်တက်ဆီ ရောက်ရောက်ချင်း ချန်ပီယံလိဂ်မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ရင်း အုပ်စုတွင်းမှာ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂိုးရရှိဖို့ ရုန်းကန်နေခဲ့ရပါတယ်။ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုလည်း ဒီဇင်ဘာလကုန်ပိုင်း ပွဲစဉ် (၁၉)မှသာ စတင် ရရှိခဲ့ပါတယ်။

အခုဆိုရင် ဟွိုင်လန်းက စပါး ဝုလ်ဗ် ဝက်စ်ဟမ်း ဗီလာအသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ နောက်ဆုံး (၅)ပွဲဆက်တိုက်အထိလည်း ဂိုးတွေ တောက်လျှောက် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : United in Focus

တကယ်လို့ ဟွိုင်လန်းအနေနဲ့ လူတန်တောင်းအသင်းနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး ထပ်မံ သွင်းယူနိုင်မယ်ဆိုရင်တော့ ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာ (၆)ပွဲဆက်တိုက်အထိ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။

တန်းတက် လူတန်အသင်းဟာလည်း နောက်ပိုင်း ကစားထားတဲ့ ပွဲစဉ် (၂)ပွဲအတွင်း ပေးဂိုး (၇)ဂိုးအထိ ခွင့်ပြုထားခဲ့ရတာဖြစ်လို့ ယူနိုက်တက် တိုက်စစ်ပိုင်းကို တားဆီးဖို့က မလွယ်ကူနိုင်သလို ဟွိုင်လန်းပါ ဂိုးထပ်သွင်းနိုင်မယ့် အခွင့်အရေးတွေ ရရှိလာနိုင်ပါတယ်။