MySport Myanmar

ဟာရီကိန်း စပါးကို စွန့်ခွာပြီး မန်ယူဆီ ပြောင်းရွှေ့လာသင့်တယ်လို့ နဗီးလ် သုံးသပ်

Pundit တစ်ဦးအနေနဲ့ ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းအနေနဲ့ စပါးအသင်းကို စွန့်ခွာဖို့ အချိန်တန်နေပြီဖြစ်ပြီး သူ့အတွက် ရွေးချယ်စရာ ပရီးမီးယားလိဂ် အသင်းဟာလည်း မန်ယူနိုက်တက်အသင်းသာ ရှိနေတယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ တကယ့်ကို အရည်အသွေး မြင့်မားလွန်းတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဂိုးသွင်းအားလည်း ကောင်းမွန်သူ ဖြစ်သလို world-class no.(9) striker တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိန်းက စပါးအတွက် ဂိုးတွေ များစွာ သွင်းယူပေးနိုင်ခဲ့ပေမဲ့လည်း စပါးအသင်းဟာ လက်ရှိအချိန်ထိ ဆုဖလားတွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်နေရလို့ ကိန်းအနေနဲ့ အခုအချိန်မှာ ဆုဖလားတွေ ပိုင်ဆိုင်ချင်သေးတယ်ဆိုရင် စပါးကနေ ထွက်ခွာဖို့ လိုအပ်နေပြီ ဖြစ်သလို စပါးကနေ ထွက်ခွာဖြစ်ရင်လည်း မန်ယူနိုက်တက်အသင်းကိုပဲ ရွေးချယ်ရလိမ့်မယ်လို့ နဗီးလ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ကိန်းနဲ့ ပတ်သတ်ပြီး နဗီးလ်က “ဟာရီကိန်းက ဆုဖလားတွေ ဆွတ်ခူးချင်နေတယ်လို့ ကျွန်တော် ထင်တယ်။ ကိန်းက တခြားကစားသမားတွေ သူတို့အသင်းအတွက် သစ္စာရှိရှိ ပါဝင်ပေးခဲ့သလို သူလည်း တော့တင်ဟမ်အတွက် ကစားပေးခဲ့တယ်။ ဒါပေမဲ့ တကယ်လို့ ဟာရီသာ ထွက်ခွာသွားဖို့ စဉ်းစားလာမယ်ဆိုရင် အခုက အချိန်ရောက်ပြီလို့ ပြောရပါမယ်။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ် တစ်ဦးပါ။ အခုသာ ဟာရီကိန်း ထွက်ခွာသွားမယ်ဆိုရင် မန်ချက်စတာမြို့က ကလပ်တစ်ခုစီ ထွက်သွားဖို့ ဖြစ်နိုင်ပါတယ်။ ယူနိုက်တက် ဒါမှမဟုတ် စီးတီးပေါ့။ စီးတီးကျတော့ ဟာလန်းအတွက်နဲ့ အသုံးစရိတ်တွေ အများအပြား သုံးစွဲထားတယ်။ ဟာလန်းကိုယ်တိုင်ကလည်း အသင်းအတွက် လုပ်ဆောင်ထားတာတွေလည်း ရှိနေတယ်။ ယူနိုက်တက်မှာကတော့ အထောင်တိုက်စစ်နေရာ လိုအပ်နေတယ်။ သူက ချဲလ်ဆီးတို့ အာဆင်နယ်တို့လို မြို့ခံအသင်းတွေဆီကိုလည်း ပြောင်းရွှေ့မယ်လို့ ကျွန်တော် မထင်မိဘူး။ ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဟာရီကိန်းအတွက် တစ်ခုတည်းသော ရွေးချယ်မှုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version