မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက သူရဲ့ယူနိုက်တက်အသင်းဟာ သူပါဝင်ကစားတဲ့ ပွဲစဉ်တွေမှာထက် သူမပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲရယူနိုင်တဲ့ ရာခိုင်နှုန်းက ပိုများနေတာကြောင့် သူအနေနဲ့ အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးရှားလ်ကို သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားဖို့ အကြံပြုပြောဆိုရတော့မယ်လို့ အရွှန်းဖောက်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းရဲ့ အချက်အလက်တွေကို တွက်ချက်ထားတဲ့ စစ်တမ်းတစ်ခုကနေ ထုတ်ပြန်လာချက်တွေအရ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ပွဲထွက်လူစာရင်းအတွင်း ထည့်သွင်းလာခဲ့တဲ့ ပွဲစဉ်တွေမှာဆို (၁.၉)မှတ်သာ ရယူနိုင်ခဲ့ပြီး သူ့ကို အရန်စာရင်းမှာပဲ ထည့်သွင်းထားတဲ့ ပွဲမှာဆိုရင် ယူနိုက်တက်ဘက်က (၂.၂)မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ ဒီစာရင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ပြင်သစ်အခြေစိုက် နာမည်ကျော်ရုပ်သံတစ်ခုဖြစ်တဲ့ Canal+ ကနေ ပေါ့ဘာကို မေးမြန်းလာခဲ့ရာ ပေါ့ဘာက “ဒါဆို ခင်ဗျားက ကျွန်တော့်ကို အရန်လူစာရင်းမှာ ထားဖို့လိုအပ်နေပြီ”

Photo Credit : Goal

“ကျွန်တော်ဒီအချက်အလက်တွေကို မတွေ့ဖူးဘူး။ တကယ်လို့ အသင်းက ကျွန်တော်မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာသာ ပိုကောင်းအောင် ကစားနိုင်မယ်ဆိုရင် နည်းပြက ကျွန်တော့်ကို အရန်ခုံမှာပဲ ထားရှိတဲ့အပေါ် ကျွန်တော်နားလည်နိုင်မှာပါ။ ဒါပေမယ့် ဒီအချက်အလက်က တကယ်တမ်းမှာတော့ ကျွန်တော်အတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်စေခဲ့ရတယ်။ ဒီအချက်အလက်ထဲမှာ ရှိနေတဲ့ အရာတွေကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်ဆောင်နိုင်ဖို့လည်း ကျွန်တော်မျှော်လင့်တယ်။ နောက်ပြီး အသင်းအနေနဲ့ ကျွန်တော်မပါနိုင်တဲ့ ပွဲတွေမှာထက် ပါဝင်ကစားနိုင်တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ကိုလည်း ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ Deeping Role နေရာကို ပိုမိုတာဝန်ယူကစားနေရပြီး သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ အလှမ်းဝေးလာခဲ့ရပေမယ့် အသင်းအတွက် အရေးပါတဲ့ နေရာမှာ ပါဝင်ကစားနေရတာကြောင့် သူ့အတွက် အဆင်ပြေနေပြီး အခု သူကစားနေတာက သူရဲ့ပြင်သစ်အသင်းဖော် အန်ဂိုလိုကန်တီရဲ့ပုံစံနဲ့ဆင်တူတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ပေါ့ဘာဟာ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။