အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဘရာဟီမိုဗစ်က လာမယ့်ဘောလုံးရာသီအတွင်းမှာ အသင်းကို အင်အားတောင့်တင်းတဲ့ ပုံစံမျိုးဖြစ်နေစေဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ လိုအပ်ကြောင်းနဲ့ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ဝါရင့်တိုက်စစ်ကစားသမား အိုလီဗီရာဂျရူးလို ကစားသမားမျိုးကိုလည်း အသင်းဆီ အရခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sport

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျရူးဟာ ဒီလအကုန်မှာပဲ ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုလို့ထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားခဲ့ပြီး သူ့ကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဥရောပကလပ်တွေနဲ့ အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ ဒီအသင်းတွေထဲမှာ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းလည်း ပါဝင်လို့နေပြီး ဂျရူးကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ အလိုရှိနေတာဖြစ်ပါတယ်။

Photo Credit : Last Word on Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးဆီ တကျော့ပြန် ပါဝင်ခွင့်ရခဲ့တဲ့ အေစီမီလန်အသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီး မန်ချက်စတာယူနိုက်တက်ကနေ အငှားခေါ်ထားတဲ့ နောက်ခံအစွန်လူ ဒါလော့နဲ့ ချယ်လ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ခံစစ်ကစားသမား တိုမော်ရီတို့ကို အပြီးသတ်ခေါ်ယူကာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း အတွေ့အကြုံရှိ တိုက်စစ်မှူးကြီး ဂျရူးကို အလိုရှိနေတာဖြစ်ပါတယ်။ ဂျရူးနဲ့ပတ်သက်ပြီး အသင်းရဲ့တိုက်စစ်မှူးကြီး မိုဗစ်က “တကယ်လို့ အိုလီဗီရာဂျရူးကို အေစီမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာပါ။ ကျွန်တော်တို့အသင်းမှာ သူ့လို ကစားသမားမျိုးကို လိုအပ်နေတာ။ သူက အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ကစားသမားပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဂျရူးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ပါဝင်ကစားခဲ့ပြီး (၁၁)ဂိုး သွင်းယူနိုင်ခဲ့သလို သူရဲ့ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီမှာလည်း အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကြီးကိုပါ အရယူနိုင်ခဲ့ရပါတယ်။