ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းကပဲ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား အီကာဒီနဲ့ အာဆင်နယ်အသင်းရဲ့ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းတို့ တိုက်ရိုက်အလဲအထပ်လုပ်မယ်ဆိုတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး အတော်လေးကို လှုပ်ခတ်တဲ့ Hot News သတင်းတစ်ပုဒ် ဖြစ်စေခဲ့ရပါတယ်။ အခုလည်း အီကာဒီရဲ့ဇနီးသည်ဝမ်ဒါက လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံတစ်ပုံတင်ခဲ့ပြီး အဲ့ဒီဓါတ်ပုံကြောင့်ပဲ အီကာဒီဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမိုလှုပ်ခတ်လာစေခဲ့ရပါတယ်။

Photo Credit : The Sun

ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီအငှားနဲဲ့ သွားရောက်ကစားလို့နေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီရဲ့ ဇနီးသည်လည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ဝမ်ဒါဟာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ သူမတို့ရဲ့ သားဖြစ်သူက အာဆင်နယ်အသင်းရဲ့ မနှစ်က ဘောလုံးရာသီအတွင်း ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဒိုးနတ်စားနေတဲ့ဓါတ်ပုံကို တင်ပေးသွားခဲ့တာကြောင့် အီကာဒီနဲ့ အာဆင်နယ်အသင်းတို့ သတင်းတွေကို ပိုမိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အာဆင်နယ်ပရိသတ်တွေရဲ့ကြားမှာတော့ အမြင်ကွာပြားမှုတွေ များစွာဖြစ်ပေါ်လို့နေပါတယ်။

Photo Credit : ABCNews

အာဆင်နယ်ပရိသတ်တချို့က အူဘာမီယန်းလို ကစားသမားကို စွန့်လွတ်ရမှာ နှမြောပေမယ့်လည်း သူ့နေရာအတွက် အီကာဒီလို တိုက်စစ်ကစားသမားမျိုးကို ပြန်လည်ရရှိမှာကို စိတ်လှုပ်ရှားမိကြောင်း မှတ်ချက်ရေးသားခဲ့သလို တချို့ကလည်း အီကာဒီက အူဘာမီယန်း တဝက်လောက် မစွမ်းနိုင်ကြောင်းနဲ့ ဝမ်ဒါပါဝင်ပတ်သက်နေတဲ့ ကိစ္စရပ်တိုင်းကလည်း ဘယ်တော့မှ အောင်မြင်မှာမဟုတ်ကြောင်း ဝေဖန်မှတ်ချက်ပြုထားပါတယ်။ လတ်တလောမှာတော့ အီကာဒီအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးခဲ့ရင် အသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်သလို သူရဲ့ အဓိကအသင်း အင်တာမီလန်ကလည်း အသင်းကို ပြန်ခေါ်ဖို့ထက် ရောင်းချဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတာဖြစ်လို့ အူဘာမီယန်းကို ခေါ်ယူရမှာ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် ကမ်းလှမ်းဖွယ်ရှိနေတာဖြစ်ပါတယ်။ အူဘာမီယန်းကလည်း အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားခဲ့သူဖြစ်ပြီး သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းပေါင်းများစွာထဲကမှ သူ့အတွက် အဆင်ပြေမယ့် အသင်းတစ်သင်းသင်းကို ရွေးချယ်ဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်အသင်းတွေထက် ပြည်ပအသင်းတွေကိုသာ ရောင်းချလိုတဲ့ အာဆင်နယ်ကြောင့် အူဘာဟာ အင်တာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကိုသာ ရောက်ရှိဖွွှယ်ရှိနေပါတယ်။