အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မသေချာ မရေရာသေးတဲ့ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ကစားသမားသစ်တစ်ဦးကို ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေရာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးကို စိတ်ဝင်စားလျက် ရှိနေသလို အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မာအူယိုအီကာဒီနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီဟာ ၂၀၁၃ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေမှာ (၆)နှစ်နီးပါးလောက်အထိကို ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူ့လို တိုက်စစ် အရည်အသွေးကောင်းတဲ့ ကစားသမားကို စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျုဗင်တပ်စ် အေစီမီလန်အသင်းတွေက စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် အင်တာအသင်းကတော့ အီကာဒီကို သူရဲ့စီးရီးအေပြိုင်ဘက်တွေဆီ မရောင်းချချင်တာကြောင့် ပီအက်စ်ဂျီအသင်းဆီကိုပဲ ရောင်းချခဲ့ပြီး ပီအက်စ်ဂျီအနေနဲ့ စျေးကွက်အတွင်း အီကာဒီကို စီးရီးအေ တစ်သင်းသင်းဆီ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ပေါင်(၁၂)သန်းအထိ သူတို့အသင်းဆီ ပေးချေရမယ်ဆိုတဲ့ အချက်တစ်ခုကို အင်တာဘက်ကနေ ထည့်သွင်းခဲ့ပါသေးတယ်။

Photo Credit : Marca

ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြသစ် ပြန်လည်ဖြစ်လာခဲ့ရတဲ့ နည်းပြအယ်လီဂရီကိုယ်တိုင်က အီကာဒီကို နှစ်သက်သူတစ်ယောက် ဖြစ်နေတာကြောင့် ဒီနွေစျေးကွက်အတွင်း အီကာဒီကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ ပြင်သစ်မီဒီယာတွေကနေပါ ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ဒီရာသီမှာ ကစားသမားသစ်တွေ များစွာခေါ်ယူထားခဲ့တဲ့အပြင် ဘာပေကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် အီကာဒီလို လစာမြင့်မားတဲ့ ကစားသမားတစ်ယောက်ကို အသင်းကနေ လက်လွတ်သွားရဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် အီကာဒီကို အလိုရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဘက်ကလည်း ဘဏ္ဍာရေးပြသာနာတွေကြောင့် အီကာဒီကို တစ်ခါတည်း အပြီးသတ် ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေတာကြောင့် တစ်ရာသီအငှားနဲ့ အငှားစာချုပ်ပြည့်ချိန်မှ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းလာရနိုင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိမှာတော့ တိုက်စစ်ပိုင်းအတွက် မနှစ်က ဘောလုံးရာသီအတွင်း အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ စပိန်တိုက်စစ်မှူး အဲဗာရိုမိုရာတာကိုသာ နောက်ထပ်တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူထားခဲ့ပြီး ရော်နယ်ဒိုနဲ့လည်း ဆက်လက်ဆွေးနွေးလျက် ရှိလို့နေပါတယ်။