ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အီကာဒီက ယခု နွေဈေးကွက် အသင်းမှာ သူ့အတွက် အသင်းသစ် တသင်းကို ရှာဖွေနေရာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက် များပြားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား တိုက်စစ်မှူး မော်ရို အီကာဒီက ၂၀၂၀ခုနှစ်မှာ အင်တာမီလန်ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: The Sun

အီကာဒီက ပီအက်စ်ဂျီဆီ မပြောင်းရွှေ့ခင်မှာ အင်တာမီလန်ရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဆီ ရောက်ရှိပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရသလို ပီအက်စ်ဂျီ အတွက် ကစားပေးခဲ့ရတဲ့ အချိန်အတွင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၉၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၈ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အီကာဒီက တိုးအား ၊ ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားဟန်နဲ့ ပီအက်စ်ဂျီရဲ့ မြန်နှုန်းမြင့် ကစားကွက်တို့က အံဝင်ခွင်ကျ မဖြစ်ခဲ့တာကြောင့် နေရာရဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာအသစ် ကန်ပို့စ်က အသင်းရဲ့ လူပိုလို ဖြစ်နေတဲ့ အီကာဒီကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ချင်နေပါတယ်။

Photo Credit: The Sun

အီကာဒီကလည်း လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အတွက် ရွေးချယ်ခံရဖို့ ပီအက်စ်ဂျီကနေ ထွက်ခွာကာ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ရဲ့ ပစ်မှတ်အသင်းပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Get France Football News သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အီကာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားမှု တချို့ ပြသထားပြီး အီကာဒီကတော့ ယူနိုက်တက်ဆီ အလွန်ကို ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပေမယ့် ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယူးကို ခေါ်ယူပြီးမှသာ တိုက်စစ်မှူး တဦးအား ခေါ်ယူဖို့ ကြိုးစားရန် စီစဉ်ထားတာကြောင့် လာမယ့်အပတ် ရောက်မှသာ ယူနိုက်တက်နဲ့ အီကာဒီတို့ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။