ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား မာရိုအီကာဒီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီး ပွဲထွက်ကစားခွင့် အကန့်အသတ်နဲ့သာ ရှိနေရတဲ့အပေါ် စိတ်ပျက်နေတာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်ခုဆီကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

Photo Credit : Sempreinter

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အီကာဒီဟာ ၂၀၁၉ခုနှစ်ကမှ အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီကို အငှားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာပဲ ပီအက်စ်ဂျီအသင်းက အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အီကာဒီဟာ သူရဲ့ပီအက်စ်ဂျီကစားသမားဘဝ ပထမရာသီမှာ ပွဲထွက်ကစားခွင့်တွေ များစွာရရှိခဲ့ပေမယ့် အသင်းကို အပြီးသတ်ရောက်လာခဲ့ချိန်မှာတော့ ဒဏ်ရာပြသာနာ ကိုဗစ်ပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်ရာသီမှာလည်း ပြိုင်ပွဲစုံ (၁၉)ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။

Photo Credit : Forza Italia Football

ဒီလိုအခြေအနေတွေ ရှိလို့နေတဲ့ အီကာဒီဟာ လာမယ့်နွေစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူရဲ့အမျိုးသမီးဖြစ်သူ ဝန်ဒါကလည်း အီကာဒီကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားစေဖို့အတွက် ဆောင်ရွှက်ဖွယ် ရှိနေပါတယ်။ လာမယ့်နွေစျေးကွက်အတွင်းမှာ မန်စီးတီး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့က တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူဖွယ်ရှိနေတာကြောင့် အီကာဒီရဲ့အေးဂျင့်လည်းဖြစ်တဲ့ ဝန်ဒါက သူရဲ့အမျိုးသားဖြစ်သူကို ဒီအသင်းတွေနဲ့ ချိတ်ဆက်ပေးဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဘက်က အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကီလီယန်အမ်ဘာပေနဲ့ နေမာတို့ကို အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် အရေးမှာ မအောင်မြင်ခဲ့ရင် အီကာဒီကိုပါ အလွယ်တကူ လက်လွတ်ပေးဖွယ် မရှိနိုင်ပါဘူး။ လက်ရှိအချိန်မှာတော့ ဘာပေက ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့အတွက် သဘောမတူထားခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စျေးကွက်အတွင်းမှာပဲ အသင်းရဲ့တိုက်စစ်မှူး(၂)ယောက်ကို လက်လွတ်ဖွယ် မရှိနိုင်တာမို့ ဘာပေကိုသာ လက်လွတ်ရမယ်ဆိုရင် အီကာဒီကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းထားနိုင်ဖွယ် ရှိနေပါတယ်။