ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုထက် အေစီမီလန်အသင်းရဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ကြောင့် စီးရီးအေပြိုင်ပွဲနဲ့ အီတလီဘောလုံးနယ်ပယ်အတွင်းမှာ အပြုသဘောဆောင်တဲ့အရာတွေနဲ့ အကျိုးသက်ရောက်မှုတွေ ပိုရှိခဲ့ရပြီး သူလို့ ကစားသမားကောင်းတစ်ယောက်ကို နည်းပြခွင့်မရခဲ့တာလည်း သူ့အတွက် ဝမ်းအနည်းဆုံးရဆုံးပဲလို့ ဝါရင့်နည်းပြဟောင်းကြီး ဇက်ခရိုနီက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၆၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အီတလီနိုင်ငံသား နာမည်ကျော် ဘောလုံးနည်းပြကြီး ဇက်ခရိုနီက ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ရော်နယ်ဒိုထက် မီလန်ရဲ့တိုက်စစ်မှူးကြီးမိုဗစ်ကြောင့် အီတလီဘောလုံးလောကကို အကျိုးရှိမှုတွေ ပိုဖြစ်စေခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဇက်ခရိုနီက “ကျွန်တော်ရဲ့နည်းပြဘဝမှာ တကယ့်ချန်ပီယံတွေကို နည်းပြခဲ့ဖူးပါတယ်။ အိုလီဗာဘီယာဟော့ဖ်ကနေ ဂျော့ဝက်ရှ် အက်ဒရီယာနိုတို့အထိပါပဲဲ။ဒါပေမယ့် ကျွန်တော် မိုဗစ်လို ကစားသမားမျိုးကို နည်းပြခွင့်မရခဲ့တာကတော့ ကျွန်တော့်အတွက် တစ်ခုတည်းသော နောင်တရခြင်းပါပဲ”

Photo Credit : En24 News

“သူက အဆုံးမရှိတဲ့ ကစားသမားမျိုးပါ။ သူ့လို ကစားသမားမျိုးက ဘာကြောင့်မို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မဆွတ်ခူးနိုင်တာလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး။ အီတလီမှာဆိုရင် သူက ရော်နယ်ဒိုထက် ဘောလုံးနယ်ပယ်အတွက် ပိုပြီးတော့ အကျိုးရှိစေတယ်။ သူ ဒီကိုရောက်ရှိလာပြီးနောက်ပိုင်းကတည်းက လူငယ်ကစားသမားလေးတွေ ခြေစွမ်းပိုင်း တိုးတတ်မှုတွေ ဖြစ်လာခဲ့ရတာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး။ သူက ဂိုးတွေပဲ သွင်းယူတတ်တဲ့သူ မဟုတ်ပါဘူး။ သူက သူရဲ့အသင်းဖော်တွေ ယုံကြည်စိတ်ပိုကောင်းလာအောင်ပါ လုပ်ဆောင်ပေးနိုင်တယ်။ နောက်ပြီး သူ့အသင်းက ခက်ခဲနေတဲ့အချိန်မျိုးမှာတောင် အသင်းအတွက် ပခုံးပေါ်ထမ်းပိုးပေးနိုင်တတ်တဲ့ သူမျိုးပါ” လို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။ မိုဗစ်ဟာ မနှစ်က ဘောလုံးရာသီရဲ့ ရာသီဝက်ခန့်ကမှ သူရဲ့အသင်းဟောင်း အေစီမီလန်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသက်အရွှယ်အရ အနားယူသင့်တဲ့ အရွှယ်ကို ရောက်ရှိနေခဲ့ပေမယ့်လည်း မီလန်အတွက် ပြိုင်ပွဲစုံပွဲ(၂၀) ပါဝင်ကစားပြီး (၁၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း ဥရောပပြိုင်ပွဲတွေဆီ ယှဉ်ပြိုင်ကစားခွင့်ပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ ဒီရာသီမှာလည်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် တစ်လနီးပါးလောက် အသင်းအတွက် ကစားပေးခွင့်မရခဲ့ပေမယ့်လည်း မီလန်အတွက် (၂)ပွဲကစားထားပြီး (၄)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို မီလန်ဒါဘီမှာလည်း သူရဲ့သွင်းဂိုးတွေနဲ့ မီလန်တို့ နိုင်ပွဲရခဲ့ပါတယ်။