မကြာခင်မှာပဲ အသက်(၄၀)ပြည့်တော့မှာဖြစ်ပေမယ့် ဘောလုံးသမားဘဝကို ကျောခိုင်းသွားဖို့ အစီအစဉ်မရှိသေးတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်ကတော့ သူရဲ့လက်ရှိကလပ် အေစီမီလန်အသင်းနဲ့ နောက်ထပ်တစ်ရာသီ ထပ်မံပူးပေါင်းဖို့ကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် မိုဗစ်ကို လာမယ့်ဘောလုံးရာသီမှာလည်း မီလန်အသင်းနဲ့ ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၉)နှစ်အရွှယ်ရှိ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးကြီး မိုဗစ်ဟာ လက်ရှိမှာ ကစားသမားတစ်ယောက်ရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို ဆက်လက်ပြသနေနိုင်သေးတာကြောင့် ကစားသမားဘဝကို အနားမယူသေးပဲ မီလန်အသင်းနဲ့ပါ နောက်ထပ်စာချုပ်သက်တမ်းတိုးဖို့အထိပါ သဘောတူလိုက်တာဖြစ်ပါတယ်။ အခုလို အသင်းနဲ့ သက်တမ်းတိုးနိုင်ခဲ့တဲ့ မိုဗစ်ဟာ တစ်နှစ်ကို လုပ်ခလစာအဖြစ် ယူရို(၆)သန်း+အပိုဆုကြေး(၁)သန်းကို ရရှိသွားမှာဖြစ်ပါတယ်။

Photo Credit : Goal

မိုဗစ်ဟာ အသက်အရွှယ် ကြီးရင့်နေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း ဒီနှစ်ရာသီအတွင်း မီလန်အသင်းအတွက် သွင်းဂိုးတွေအများဆုံး သွင်းယူထားနိုင်သူဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုးစုစုပေါင်း (၁၇)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဆဲဖြစ်တဲ့ အီဘရာဟီမိုဗစ်ကို မီလန်အသင်းကနေ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာခဲ့ရတာဖြစ်ပြီး မိုဗစ်ကလည်း ဒီကမ်းလှမ်းချက်ကို သဘောတူလက်ခံခဲ့ပါတယ်။ အေဂျက်စ် ဂျုဗင်တပ်စ် အင်တာမီလန် ဘာစီလိုနာ အေစီမီလန် ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေအပြင် အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင်ကလပ် အယ်လ်အေဂလက်ဆီမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ မိုဗစ်ဟာ သူရဲ့ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ်ဖလားကလွဲပြီး ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာလည်း မီလန်အသင်းနဲ့အတူ စီးရီးအေပြိုင်ပွဲအတွင်း Top 4 ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ပြန်လည်ပါဝင် ဆင်နွဲရဖို့လည်း အလားအလာကောင်းလို့နေပါတယ်။ မိုဗစ်ဟာ ဒီရာသီမှာ မီလန်အသင်းအတွက် စီးရီးအေသွင်းဂိုးပေါင်း (၁၅)ဂိုးအထိ သွင်းယူထားသူလည်းဖြစ်ပါတယ်။