ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းဟာ ငယ်စဉ်ကတည်းက ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ဆွီဒင် တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် တို့ရဲ့ ကစားပုံတွေကို ကြည့်ရှုကာ အတုယူ ကြိုးစားခဲ့ကြောင်း ဟာလန်းရဲ့ ဖခင်ဖြစ်သူ အဲလ်ဖ်-အင့်ခ် ဟာလန်းက ပြောကြား သွားခဲ့ပါတယ်။ ဟာလန်းရဲ့ ဖခင်ဖြစ်သူ အဲလ်ဖ်-အင့်ခ် ဟာလန်းကလည်း တစ်ချိန်က ဘောလုံး ကစားသမား တစ်ဦးဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားပါ။ လက်ရှိမှာ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဟာလန်းဟာ မကြာသေးမီကမှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ Golden Boy Award ကို ရရှိခဲ့တဲ့ တက်သစ်စ လူငယ် ကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဟာလန်းဟာ အသက် ၂၀အရွယ်သာ ရှိသေးပေမယ့် ဥရောပရဲ့ အကောင်းဆုံး နံပါတ်၉ တိုက်စစ်မှူးတွေ ထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသလို သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှတ်တမ်းတွေ ကလည်း သူ့ရဲ့ အံ့အားသင့်စရာ‌ ကောင်းလှတဲ့ ဂိုးသွင်းနှုန်းကို မီးမောင်း ထိုးပြနေပါတယ်။ ဟာလန်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ စုစုပေါင်း ၁၂၆ပွဲအထိ ကစားထားရာ သွင်းဂိုး ၈၂ဂိုး သွင်းယူ ထားပြီး ဂိုးဖန်တီးမှု ၁၉ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ နော်ဝေလက်ရွေးစင် အသင်း အတွက်လည်း ၇ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၆ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါသေးတယ်။ ဟာလန်းရဲ့ ဖခင်ဖြစ်သူ အဲလ်ဖ်-အင့်ခ် ကတော့ ဟာလန်း တစ်ယောက် အခုလို ဂိုးသွင်းကောင်းနေတာဟာ ငယ်စဉ်က ထိပ်တန်း တိုက်စစ်မှူးတွေရဲ့ ဗွီဒီယိုတွေကို ကြည့်ကာ လေ့လာခဲ့တာကြောင့် ဖြစ်ကြောင်းနဲ့ ဟာလန်း အနှစ်သက်ဆုံး တိုက်စစ်မှူး နှစ်ဦးဟာ ရိုနယ်ဒိုနဲ့ မိုဗစ်တို့ ဖြစ်ကြောင်း ပြောပြ သွားပါတယ်။

Photo Credit: Mirror

ဟာလန်းရဲ့ အနှစ်သက်ဆုံး တိုက်စစ်မှူးတွေ အကြောင်းကို အဲလ်ဖ်-အင့်ခ် ဟာလန်းက အခုလိုပဲ ပြောပြ သွားခဲ့တာပါ။ အဲလ်ဖ်-အင့်ခ်က “သူက တိုက်စစ်မှူး တစ်ဦးဖြစ်ဖို့ မွေးဖွားလာတဲ့သူပါ။ သူက သွင်းဂိုးတေွ အများကြီး သွင်းယူနိုင်တဲ့ တိုက်စစ်မှူးတွေကို သဘောကျပါတယ်။ ဒါပေမယ့် သူအကြိုက်ဆုံး တိုက်စစ်မှူး နှစ်ဦး ရှိပါတယ်။ သူတို့ကတော့ အီဘရာဟီမိုဗစ်နဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့ပါပဲ။ ဘာလိုတယ်လီ တစ်ယောက် မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းကလည်း သူက မာရီယို(ဘာလိုတယ်လီ)ကို သဘောကျခဲ့ဖူးပါတယ်။ သူက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဆက်လက် တိုးတက်နေဖို့ အချိန်ပြည့် ကြိုးစားနေတဲ့သူပါ” လို့ ဖွင့်ဟ ပြောပြ သွားခဲ့တာပါ။