အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျီနိုအာ ၀-၃ အေစီမီလန်ပွဲစဉ် အပြီးမှာပဲ သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ရှိကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ဂျီနိုအာနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူပါ။

Photo Credit: Express

မိုဗစ်ဟာ ဘောလုံးသမား တဦး အတွက် မီးစာကုန် ဆီခမ်း အရွယ်ကို ရောက်နေပေမယ့် ယခုအချိန်အထိ အကောင်းမွန်ဆုံး အဆုံးသတ်စွမ်းရည်နဲ့ အသင်းတွင်းမှာ လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး စီးရီးအေပြိုင်ပွဲမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ အေစီမီလန်အသင်းဟာ မိုဗစ်ကို နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး မိုဗစ်ကလည်း အေစီမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Express

အေစီမီလန်အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့မယ့် အကြောင်းကို မိုဗစ်က – “ ဒီပွဲကို မကစားခင်မှာပဲ ကျွန်တော်က ပျော်ရွှင်နေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ဒီအသင်းမှာ ဘယ်အချိန်အထိ ဆက်ပြီး ကစားခွင့် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့လို့ပါပဲ။ အေစီမီလန်အသင်းရဲ့ တာဝန်ရှိသူတွေက ကျွန်တော့်ကို ပျော်စေသလို လူငယ်တဦးလိုလည်း ခံစားရစေပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ပွဲစဉ် ၂ပွဲမှာ ကြီးမားတဲ့ အမှားတွေကို ကျူးလွန်မိခဲ့ပါတယ်။ အဲ့ဒီပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့တာကလည်း ကျွန်တော်တို့ရဲ့ အမှားတွေကြောင့်ပါ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့တွေ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဇယားထိပ်ပိုင်းမှာ ဆက်လက် ရပ်တည်ခွင့် ရခဲ့တာပေါ့။ အခုတော့ ကျွန်တော် စာချုပ်သစ်မှာ လက်မှတ် ထိုးရမယ့် အချိန်ကို ရောက်ပါပြီ” လို့ ပြောပြသွားခဲ့ပါတယ်။