အီတလီ စီးရီးအေ အင်အားကြီးကလပ် အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိုးမား ၁-၂ အေစီမီလန်ပွဲစဉ်မှာ လှပတဲ့ ဖရီးကစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမား ဘဝ လိဂ်သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ကြောင်း သိရပါတယ်။

အသက် ၄၀ အရွယ် ဝါရင့် တိုက်စစ်မှူးကြီး အီဘရာမိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝကို ဆွီဒင် နာမည်ကြီးကလပ် မယ်လ်မိုအသင်းနဲ့ စတင်ခဲ့ပြီး အေဂျက် ၊ ဂျူဗင်တပ် ၊ အင်တာမီလန် ၊ ဘာစီလိုနာ ၊ အေစီမီလန် ၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက် စတဲ့ ထိပ်တန်း အသင်းတွေမှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အေစီမီလန်အသင်းက ရိုးမားအသင်းကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အီဘရာဟီမိုဗစ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ထူးရှယ် ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ လိဂ်သွင်းဂိုး ၄၀၀ ပြည့်မြောက်မယ့် သွင်းဂိုးကိုလည်း ဖရီးကစ် ကနေ သွင်းယူပေးခဲ့တာပါ။

အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် လက်ရှိအချိန် အထိ ခြေစွမ်းပြ ဂိုးသွင်းနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အေစီမီလန်အသင်း အတွက် စီးရီးအေမှာ ၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Metro

ရိုးမားအသင်းနဲ့ ပွဲပြီးဆုံးချိန်မှာတော့ အီဘရာဟီမိုဗစ်က အသက် ၄၀ အထိ ခြေစွမ်းပြနိုင်တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောပြသွားခဲ့သလို သူဟာ နေ့ရက်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က – “ ကျွန်တော် အခုချိန်အထိ ခြေစွမ်းပြနေနိုင်တဲ့ လျှို့ဝှက်ချက်က ကျွန်တော့်ရဲ့ စိတ်ဓာတ်ပါပဲ။ အသက် ၄၀ ဆိုတာက ကိန်းဂဏန်း တခုပါပဲ။ ကျွန်တော်က ကျွန်တော် ချစ်မြတ်နိုးတဲ့ အရာကို ဆက်ပြီး လုပ်သွားဖို့ပဲ စဉ်းစားထားပါတယ်။ ကျွန်တော်ကတော့ နေ့တိုင်း တိုးတက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်က ဟိုးအရင်ကလို မကစားနိုင်တော့တာ မှန်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ကျွန်တော်က ဉာဏ်ပိုကောင်းလာသလို ၊ အတွေ့အကြုံတွေလည်း ပိုများလာပါတယ်။ ဒါကြောင့် အခုလို ခြေစွမ်းပြနိုင်တဲ့ အပေါ် ကျွန်တော့်ဘက်က မအံ့ဩမိပါဘူး။ ကျွန်တော်က အကောင်းဆုံးပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။