အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်ရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်သူ အီဘရာဟီမိုဗစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အူဒီးနိစ် ၃-၁ အေစီမီလန် ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီးနောက် စီးရီးအေသမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အူဒီးနိစ် ၃-၁ အေစီမီလန် ပွဲစဉ်မှာ အီဘရာဟီမိုဗစ်က အေစီမီလန်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး အဆိုပါပွဲဟာ အီဘရာဟီမိုဗစ် အတွက် ၂၀၂၃ခုနှစ် အတွင်းမှာ ပထမဦးဆုံး အကြိမ် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရတဲ့ ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Goal

အသင်းရဲ့ လူငယ် ကစားသမားတွေကို ဦးဆောင်ကာ ကစားခဲ့ရတဲ့ပွဲ ဖြစ်တာကြောင့် အီဘရာဟီမိုဗစ်က အတတ်နိုင်ဆုံး အားထည့် ကစားတာကို မြင်တွေ့ခဲ့ရပြီး မိုဗစ်က ပထမပိုင်း ပြီးခါနီးမှာ ရလာတဲ့ ပင်နယ်တီကို အကောင်းဆုံး အဆုံးသတ်ကာ အသင်းအတွက် သိက္ခာဆယ် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အီဘရာဟီမိုဗစ်ရဲ့ အေစီမီလန်ကတော့ ရလဒ်ကောင်း မရခဲ့ပဲ အေစီမီလန်ဟာ တယောက်လျော့ အူဒီးနိစ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီး အဆိုပါရှုံးပွဲကြောင့် အေစီမီလန်က ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် လာမယ့် အမှတ်ပေးပွဲတွေမှာ အမှား ထပ်မလုပ်မိဖို့ လိုသွားပါပြီ။

Photo Credit: Goal

အီဘရာဟီမိုဗစ်က ဂိုးသွင်းချိန်မှာ အသက် ၄၁နှစ်နဲ့ ၁၆၆ရက် ရှိနေပြီ ဖြစ်တာကြောင့် အီတလီ စီးရီးအေရဲ့ သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းယူတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး နှစ်ချို့ဝိုင်ကြီး အီဘရာဟီမိုဗစ် အတွက် အဆိုပါစံချိန်ဟာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တခုပဲ ဖြစ်ပါတယ်။