အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဖလားကို တစ်ကြိမ်ရယူခဲ့ဖူးတဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဇလာတန်အီဗရာဟီမိုဗစ်ကတော့ အင်တာဗျူးတစ်ခုမှာ သူက ယူရိုပါလိဂ်လို ပြိုင်ပွဲမျိုးမှာ ပါဝင်ကစားရမယ့် ကစားသမားမျိုးမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး လက်ရှိ သူရဲ့အသင်း အေစီမီလန်ကလည်း ယူရိုပါလိဂ်ဝင်ခွင့်ကိုပဲ အမြင့်ဆုံးအဖြစ် မျှော်မှန်းရနိုင်တဲ့ အနေအထားမျိုးဖြစ်နေတာကြောင့် ဒီစကားက သူရဲ့အနာဂတ်ကို လှုပ်ခတ်သွားစေခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဆွီဒင်တိုက်စစ်ကစားသမားကြီးမိုဗစ်ဟာ သူရဲ့အသင်းဟောင်းမီလန်ဆီကို ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းအတွက် သွင်းဂိုး(၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ မီလန်ကို ပြောင်းရွှေ့လာခဲ့တုန်းက လပိုင်းလေးပဲ စာချုပ်ချုပ်ထားတာဖြစ်လို့ အခုရာသီအကုန်မှာ သက်တမ်းကုန်တော့မှာဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို မိုဗစ်ဘက်ကနေ စိတ်ဝင်တစား လုပ်ဆောင်လာခြင်းမရှိသေးသလို ဆွေးနွေးမှုတွေကိုလည်း မပြုလုပ်သေးပဲ ရှိနေပါတယ်။

Photo Credit : Goal

မိုဗစ်က သူ့ကိုလူတွေက မေဂျာလိဂ်မှာ ကစားလို့အပြီး ကစားသမားဘဝကနေ အနားယူလိုက်မယ်ဆိုရင် အရာအားလုံးက ပိုမိုလွယ်ကူနိုင်တယ်လို့ အကြံပေးခဲ့ကြပေမယ့် ဘောလုံးဆက်ကစားချင်သေးလို့ မီလန်ကို ပြန်လာခဲ့တာဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာခဲ့တဲ့ ကာလအတွင်းမှာတော့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ အတွေးတွေ ခဏခဏဝင်လာခဲ့ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေကို ပရိသတ်တွေမပါပဲနဲ့ ပြန်လည်စတင်ခွင့် ရရှိခဲ့သလို သူရဲ့ဒဏ်ရာပြသာနာကလည်း ပြန်လည်သက်သာလာခဲ့တာကြောင့် ဘောလုံးဆက်ကစားခဲ့ရတာဖြစ်ပြီး နောက်ရာသီအထိတော့ ဒီအသင်းမှာပဲ ဆက်လက်ရှိနေမလားဆိုတာကိုတော့ သူကိုယ်တိုင်တောင် မသိသေးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မိုဗစ်က “အီဗရာ(သူကိုယ့်သူ နာမ်းစားသုံးခြင်း)က ဘောလုံးကစားဖို့အတွက် မွေးဖွားလာခဲ့တဲ့သူ။ အီဗရာက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ဒီလိုပါပဲ အေစီမီလန်ဟာလည်း ယူရိုပါလိဂ်လို ပြိုင်ပွဲမျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ကလပ်အသင်းမျိုး မဟုတ်ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။