အီတလီ စီးရီးအေ ကလပ် အေစီမီလန် အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဇလာတန် အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာပြဿနာ တစ်မျိုး ထပ်မံ ခံစားခဲ့ရတာ ကြောင့် နောက်ထပ် အနည်းဆုံး တစ်လ လောက် အသင်းနဲ့ အတူ ပွဲထွက်ခွင့် ကစားရအုန်းမှာ မဟုတ်ပဲ အနားယူရအုန်းမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ နာပိုလီ အသင်းကို ၁ ဂိုး-၃ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၈ မှာ အေစီမီလန် ကစားသမား ဇလာတန် အီဘရာဟီမိုဗစ် အနေနဲ့ အသင်းအတွက် သွင်းဂိုး ၂ ဂိုး ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ ဒုတိယပိုင်း ၇၉ မိနစ် အရောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် ဆက်ကစားနိုင်တော့ခြင်း မရှိပဲ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဇလာတန် အနေနဲ့ ပွဲထွက်ခွင့်မရရှိပဲ အနားယူနေခဲ့ရပါတယ်။

Photo Credit: Goal

ဇလာတန် အီဘရာဟီမိုဗစ် အနေနဲ့ ဒဏ်ရာပြဿနာ ကနေ ပြန်လည် သက်သာလာပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် စော့စ်စူလို နဲ့ စီးရီးအေ ပွဲစဉ် ၁၃ အတွက် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇလာတန် အနေနဲ့ နောက်ထပ် ဒဏ်ရာ တစ်ခု ထပ်မံရရှိခဲ့တယ်လို့ မီလန် မှာ ရှိတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ နောက်ထပ် ၁၀ ရက်နေရင်လည်း ထပ်မံပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။ La Gazzetta dello Sport သတင်းဌာန ရဲ့ ဖော်ပြချက်မှာတော့ အားကစားဆေးပညာ အထူးကု ဆရာဝန် တစ်ဦး ရဲ့ ပြောဆိုချက်အရ ဇလာတန် အနေနဲ့ စိုလီယက်စ် ကြွက်သားထဲမှာ ဟန်မိုရာဂျစ် ရှိနေတာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: Goal

ပါဗီးရာမြို့မှာ တည်ရှိတဲ့ စန်မတ်တီအို ဆေးရုံရဲ့ ဒေါက်တာ တစ်ဦး ဖြစ်တဲ့ ဂျာကိုမို ဇန်နန် ကတော့ “ ဟန်မိုရာဂျစ် ဆိုတာ က သွေးအနည်းငယ်လေး စုစည်းနေတဲ့ အရာကို ပြောတာပါ။ ဆိုလိုတာက အဲ့ဒီ့ သွေးစုလေးတွေက ကြွက်သား တစ်ရှူးလေးတွေရဲ့ အမျှင်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့ အကယ်၍သာ သွေးရှိနေရင် အဲ့တာက ဒဏ်ရာပြဿနာ အသေးလေးတော့ မဟုတ်ပါဘူး။ တစ်ခုခုတော့ ပျက်စီးနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက စိုလီယက်စ် ဆိုတာက ခြေသလုံးကြွက်သား မဟုတ်ပါဘူး။ စိုလီယက်စ် ဆိုတာက ခြေလှမ်း လှမ်းဖို့အတွက် အခြေခံကျတဲ့ ကြွက်သားမျိုးပါ။ စိုလီယက်စ် ကြွက်သားကို ကုသချင်ရင်တော့ အချိန်ကြာနိုင်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ပြန်လည် သက်သာလာဖို့ အတွက် လေးပတ်လောက်တော့ အချိန်ယူရမယ်လို့ ပြောချင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။