အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အူဒီးနိစ် ၁-၁ အေစီမီလန် ပွဲစဉ်မှာ အသင်းအတွက် နောက်ကျ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးလောကမှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲသာ ရရှိဖူးတဲ့ ထူးရှယ်စံချိန် တခုကို လိုက်မှီခဲ့ကြောင်း သိရပါတယ်။

အသက် ၄၀အရွယ် ဆွီဒင်လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ဆဲ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေပွဲ ၁၀ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

Photo Credit: BBC

အီဘရာဟီမိုဗစ်ဟာ အူဒီးနိစ် ၁-၁ အေစီမီလန်ပွဲစဉ်မှာလည်း အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ပွဲကစားချိန် ၉၀+၂မိနစ်မှာ သွင်းယူပေးခဲ့ပြီး မိုဗစ်ရဲ့ သွင်းဂိုးကြောင့်ပဲ အေစီမီလန်အသင်းဟာ အဝေးကွင်းမှာ အဖိုးတန် ရမှတ် ၁မှတ်ကို ရရှိသွားခဲ့ပါတယ်။

အူဒီးနိစ်နဲ့ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အီဘရာဟီမိုဗစ်ဟာ ဥရောပရဲ့ ထိပ်သီးလိဂ် ၅ခုမှာ လိဂ်သွင်းဂိုး ၃၀၀ ပြည့်ခဲ့တဲ့ တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း နာမည်ကျော် အချက်အလက် မှတ်တမ်း စုဆောင်းတဲ့ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: BBC

အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝမှာ ဘာစီလိုနာ ၊ အင်တာမီလန် ၊ အေစီမီလန် ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီ ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ ထိပ်သီးအသင်းတွေမှာ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး ယခုလို ထူးရှယ်စံချိန် တခုကို အသက် ၄၀ အရွယ်မှာ တင်နိုင်ခဲ့တာက မိုဗစ်ဟာ ဘောလုံးလောကရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြနေတာလည်း ဖြစ်ပါတယ်။