ဆွီဒင် ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ အသက်(၄၀)အထိ ဘောလုံးကောင်းကောင်း ကစားနိုင်သေးသလို တချက်တချက် သူရဲ့ထုတ်ဖော်ပြောကြားချက်တွေကလည်း ဘောလုံးပရိသတ်တွေအတွက် အတော်လေးကို သဘောကျစရာ အံ့အားသင့်စရာ ဖြစ်နေစေခဲ့ရပါတယ်။ အခုလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကို ရွေးချယ်ပြီး နှစ်စဉ်တိုင်းလိုလို ပေးအပ်ချီးမြှင့်နေကြဖြစ်တဲ့ Ballon d’Or ဆုနဲ့ပတ်သက်ပြီး ထူးထူးခြားခြား စကားတွေကို မှတ်ချက်ပြု ပြောဆိုလာခဲ့ပြန်ပါတယ်။

Ibrahimovic almost joined Napoli before making AC Milan return | Daily Sabah

Photo Credit : Daily Sabah

မာလ်မို အေဂျက်စ် ဂျုဗင်တပ်စ် အင်တာမီလန် ဘာစီလိုနာ အေစီမီလန် ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက် အယ်လ်အေဂလက်ဆီတို့မှာ ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိ အေစီမီလန်မှာ ပြန်လည်ပါဝင်ကစားနေတဲ့ အသက်(၄၀)အရွှယ်ရှိ တိုက်စစ်မှူးကြီး မိုဗစ်ဟာ သူပါဝင်ကစားဖူးတဲ့ ကလပ်အသင်းတွေနဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့်လည်း ဘောလုံးသမားတိုင်းအတွက် အထင်ကရ ဆုကြီးတစ်ခုဖြစ်တဲ့ Ballon d’Or ဆုကိုတော့ တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးသလို Ballon d’Or ရဲ့ Top 3 စာရင်းထဲတောင် မပါဝင်ဖူးခဲ့တဲ့အပေါ် မိုဗစ်က သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

Ballon d’Or ဆုနဲ့ပတ်သက်ပြီး မိုဗစ်က “ဒါတွေက နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ဆုတွေပါ။ သူတို့က လုံးဝ ပြီးပြည့်စုံနေတဲ့သူ Mr Perfect ကို လိုချင်နေတာ။ ခင်ဗျားထင်နေတာကို ပြောပြီးရင် ပြောနေရင် ခင်ဗျား ဒါတွေကို မရနိုင်တော့ဘူး။ သူတို့တွေကို Mr Nice Guy လို့ သတ်မှတ်ပေးရတာက လွယ်ကူပါတယ်။ ငါ့အတွက်ကတော့ ဘာမှ မပြောင်းလဲဘူး။ အဲ့ဒါတွေက ငါ့အတွက်ဆိုရင် ငါ့ကို ပိုကောင်းလာအောင်ရော ပိုဆိုးလာအောင်ပါ မလုပ်နိုင်ဘူး” လို့ ထူးထူးခြားခြား ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ မီလန်အသင်းကို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အီတလီစီးရီးအေချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ မိုဗစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ် Ballon d’Or ဆုပေးပွဲမှာသာ စတုတ္ထနေရာကို အမြင့်ဆုံး အောင်မြင်မှုအဖြစ် ရရှိခဲ့တာဖြစ်ပြီး တစ်ကြိမ်မှ ဆု မဆွတ်ခူးခဲ့သလို ထိပ်ဆုံး(၃)ဦးစာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲကလွဲပြီး ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါနဲ့ လီဂူးဝမ်းတို့ ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွဲခဲ့ဖူးတဲ့ မိုဗစ်ဟာ ဘွန်ဒစ်လီဂါရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း အဲ့ဒီပြိုင်ပွဲမှာ သွားရောက်ကစားခဲ့ခြင်း မရှိလို့ နောင်တရမိကြောင်းကိုပါ ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။