ဆွီဒင် legend player ဟောင်းကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ သူရဲ့ ကလပ်အသင်းဟောင်း တစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းဆီကို ရာထူးတစ်ခုခုနဲ့ ပြန်သွားဖို့ ရှိနေတယ်လို့ အီတလီ သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

အသက် (၄၂)နှစ်အရွယ်ရှိ ကစားသမားဟောင်းကြီး မိုဗစ်ဟာ အေစီမီလန်မှာ နှစ်ကြိမ်တိုင် ပါဝင် ကစားခဲ့ဖူးတာဖြစ်ပြီး အဲ့ဒီနှစ်ကြိမ်လုံး မီလန်နဲ့အတူ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး (၉၃)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ပြီးခဲ့တဲ့ ဇွန်လကမှ ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူလိုက်တဲ့ မိုဗစ်ဟာ ဘောလုံးလောကထဲကို ချက်ချင်း ပြန်လည် ဝင်ရောက်ခြင်း မရှိသေးပေမယ့်လည်း လက်ရှိမှာတော့ မီလန်အသင်းဆီမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ ရာထူးတစ်ခုခုကို ရယူပြီး ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မိုဗစ်က ကစားသမားဘဝအတွင်းမှာ အေဂျက်စ် ဂျုဗင်တပ်စ် အင်တာမီလန် ဘာစီလိုနာ အေစီမီလန် ပီအက်စ်ဂျီ မန်ယူနိုက်တက်တို့လို ဥရောပ ထိပ်သီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး မေဂျာလိဂ်ကလပ် အယ်လ် ဂလက်ဆီမှာလည်း နှစ်ရာသီအထိ ပါဝင်ခဲ့ပါသေးတယ်။

Photo Credit : myKhel

ကစားသမားဘဝရဲ့ နှောင်းပိုင်းအချိန်တွေမှာတော့ မိုဗစ်က အသင်းဟောင်း မီလန်ကို ပြန်သွားခဲ့ပြီး မီလန်အတွက် စုစုပေါင်း (၇၈)ပွဲ ပါဝင်ကစားရင်း ဒူးဒဏ်ရာ အပါအဝင် ဒဏ်ရာပြသာနာဆိုးတွေ ရရှိလာခဲ့တာကြောင့် ကစားသမားဘဝကို ရှေ့မဆက်တော့ပဲ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ မိုဗစ်က မီလန်အသင်းဆီ ပြန်သွားပြီ နည်းပြ ပီအိုလီ နဲ့ အသင်းတာဝန်ရှိသူတို့ကြား ဆက်သွယ်ပေးရသူအဖြစ် ထိပ်တန်း ရာထူးတစ်ခုကို တာဝန်ယူ ဆောင်ရွက်သွားရဖို့ ရှိနေတယ်လို့ La Gazzetta dello Sport ကနေ ဖော်ပြထားပါတယ်။