ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အီယန်ရိုက်ကတော့ လတ်တလောမှာ ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာ တယောက် မနက်ဖြန်ညမှာ ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ ဒဏ်ရာရသွားမှာကို စိတ်ပူကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက အာဆင်နယ်နဲ့ အင်္ဂလန် နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ အာဆင်နယ်ကို ပရီးမီးယားလိဂ်ရဲ့ အဆင့်၁နေရာဆီ ရောက်အောင် ကူညီထားနိုင်ပါတယ်။

Photo Credit: Express

ဆာကာက အတိုးအလှုပ် ကောင်းသလို အသင်းနဲ့ လိုက်ဖက်ညီအောင် ကစားနိုင်စွမ်း ရှိတာကြောင့် အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမား အနည်းစုထဲက တဦး ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ သူဟာ အာဆင်နယ်ရဲ့ ပွဲစဉ်တိုင်းနီးပါးကို ဝင်ရောက် ကစားပေးထားရပါတယ်။

ပွဲတွေ ဆက်တိုက် ကစားရတာကြောင့် ဆာကာရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းဟာ အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်လာသလို တဖက်မှာလည်း ပွဲဆက်များမှု ၊ ပြိုင်ဘက် ခံစစ်မှူးတွေရဲ့ ပစ်မှတ်ထား လူချမှုတို့ကို ခံလာရတာကြောင့် ဆာကာဟာ ယခုနှစ် ဘောလုံးရာသီမှာ ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်က ဆာကာ တယောက် ဒဏ်ရာရသွားမှာကို စိုးရိမ်နေတာ ဖြစ်ပြီး အီယန်ရိုက်က ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ကစားကြမယ့် လန်ဒန်ဒါဘီပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲမျိုးမှာ ဆာကာဟာ ဒဏ်ရာရသွားနိုင်ကြောင်းနဲ့ ဆာကာသာ ဒဏ်ရာရသွားရင် အာဆင်နယ်အတွက်ရော ၊ အင်္ဂလန်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

အီယန်ရိုက် – “လူတွေက ဆာကာ တယောက် အနားယူဖို့ မဖြစ်မနေ လိုအပ်နေပြီ ဆိုတာကို ထောက်ပြနေတာ ကြည့်ပြီး အတော်လေး ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ အာဆင်နယ်မှာ လုံလောက်တဲ့ ကစားသမား အင်အား မရှိဘူး ဆိုတာကို ဆာကာရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ ဆာကာက နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ အတော်လေး နာကျင်သွားခဲ့တာပါ။ သူက သူ့ရဲ့ဒူးကို ထောင်ပြီးပါ နေခဲ့ရပါတယ်။ ကစားသမား တယောက်ရဲ့ ဒဏ်ရာ ပြင်းသလား ၊ မပြင်းဘူးလား ဆိုတာကို သိချင်ရင် အဲ့ဒီ ကစားသမား ကွင်းထဲကနေ ဘယ်လို ထွက်သွားလဲ ဆိုတာကို ကြည့်ရပါတယ်။ ဗာရန်းဆိုရင် ဒဏ်ရာရသွားတာကြောင့် အတော်လေး ဝမ်းနည်း ဒေါသထွက်နေခဲ့တာပါ။ ဆာကာကလည်း လူစားလဲခံရချိန်မှာ ဒေါသထွက်နေတာကို မြင်ခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒဏ်ရာက ပေါ့သေးသေး မဟုတ်ပါဘူး။ တကယ်လို့ စမစ်ရိုဝီသာ ရှိနေခဲ့မယ် ဆိုရင် ဆာကာဟာ တချို့ပွဲတွေမှာ အနားရကောင်း ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ လုံလောက်တဲ့ ကစားသမား အင်အား မရှိပါဘူး။ ဒါကြောင့်ပဲ ဇူးရစ်လို အုပ်စုတက်ပြီးသား ပွဲမျိုးမှာတောင် ဆာကာကို မဖြစ်မနေ ထည့်ဆော့ရတာပေါ့။ အခု ဆာကာရဲ့ အခြေအနေက စိုးရိမ်ဖို့ ကောင်းနေပါပြီ။ သူက ဒီရာသီမှာ လူချမှုတွေ အများကြီး ခံထားရတာပါ။ ဒါကြောင့် သူက ဒဏ်ရာရနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ကမ္ဘာ့ဖလား စဖို့ကလည်း နည်းနည်းပဲ လိုတော့တယ်လေ။ ဒီတော့ ကျွန်တော်က သူ့အတွက် အတော်လေး စိတ်ပူနေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။