အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်အနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာဟာ သူ့အတွက် အကောင်းဆုံးအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့ ခက်ခဲမှာဖြစ်ပြီး ယူနိုက်တက်ထက် အာဆင်နယ်အသင်းကိုသာ ရွေးချယ်ပြောင်းရွှေ့ကစားသင့်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Metro

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ ဘရူနိုဖာနန်ဒက်ဇ် မာတစ် ဖရက်ဒ် တွမ်မီနေး မာတာတို့လို ကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားတာဖြစ်လို့ ယူနိုက်တက်က မလိုအပ်ပဲ ကွင်းလယ်လူတစ်ယောက်ကို ခေါ်ယူခဲ့တာဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ ဗန်ဒယ်ဘိခ်ရဲ့ ကစားဟန်နဲ့ ကစားတတ်တဲ့ နေရာကလည်း ဖာနန်ဒက်ဇ်နဲ့ ခပ်ဆင်ဆင်ဖြစ်နေသလို ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရလို့ ပိုပြီးဝေဖန်ချင်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဗန်ဒယ်ဘိခ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က “ဒွန်နီဗန်ဒယ်ဘိခ်ဆိုတာ ကျွန်တော်ရဲ့ အာဆင်နယ်အသင်းဆီကို ရောက်လာစေချင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ယူနိုက်တက်မှာက ပေါ့ဘာလည်း ရှိနေပြီးတော့ ဘရူနိုဖာနန်ဒက်ဇ်ဆိုရင်လည်း ဗန်ဒယ်ဘိခ်ကစားတဲ့ နေရာမျိုးမှာ ကစားနေတဲ့သူလေ။ ဆိုတော့ လူတွေကပြောနေကြတာရှိတယ်။ ဗန်ဒယ်ဘိခ်ကို ပေါ့ဘာ ဖာနန်ဒက်ဇ်တို့နဲ့အတူ တွဲဖက်ကစားတာ မြင်ချင်တယ်ဆိုပြီးပေါ့လေ။ ဒါပေမယ့် ဒီလိုမျိုးကတော့ ဖြစ်လာနိုင်ဖို့ မလွယ်ဘူးလို့ပဲ ကျွန်တော်က အဲ့လို့ပဲထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလို သူကစားနေရမယ်ဆိုရင် သူအားသာတဲ့ နေရာမဟုတ်ပဲ တခြားနေရာတွေမှာပဲ ကစားနေရလိမ့်မယ်” လို့ သုံးသပ်ပြောဆိုလို့သွားခဲ့ပါတယ်။ အီယန်ရိုက်ရဲ့သုံးသပ်မှုကို မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမားဟောင်း မီကာရစ်ချက်ကလည်း ထောက်ခံသွားခဲ့ပြီး ယူနိုက်တက်အသင်းက ဗန်ဒယ်ဘိခ်ကို ခေါ်ယူခဲ့တာဟာ မလိုအပ်ပဲနဲ့ ငွေဖြုန်းတီးခြင်းသာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ကစားသမားသစ်တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရပြီး နောက်ထပ်ကစားသမားတွေ ထပ်မံခေါ်ယူနိုင်ခြင်း မရှိသေးလို့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေရသလို အသင်းကလည်း ပရီးမီးယားလိဂ်အဖွင့်ပွဲအတွင်း ပဲလေ့စ်ကိုတောင် အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ရပါတယ်။