ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာ လက်စတာအသင်းက တိုက်စစ်မှူး ဗာဒီရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိ အပြီးမှာတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ အီယန်ရိုက်က လာမယ့် အပတ်မှာ ကစားရမယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းအတွက် စိုးရိမ်ပူပန်မိကြောင်း ပြောကြား သွားခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာ လက်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ လက်စတာအသင်းကို သိသိသာသာ အသာစီး မယူနိုင်ခဲ့သလို လက်စတာအသင်းရဲ့ လူစားဝင် တိုက်စစ်မှူး ဗာဒီရဲ့ ပွဲချိန် မိနစ် ၈၀မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် လက်စတာအသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ ရပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ပထမပိုင်း ကစားပုံဟာ ကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အာဆင်နယ်အသင်းဟာ လက်စတာ အသင်းဘက်ကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိတော့သလို ညာနောက်ခံလူ ဘယ်လာရင်ရဲ့ Volley ကန်ချက်ကသာ ဂိုးရရှိနိုင်တဲ့ အနီးစပ်ဆုံး အခွင့်အ​ရေး တစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ လက်စတာအသင်းရဲ့ ဒုတိယပိုင်း ကစားပုံဟာ ပိုမို ကောင်းမွန်လာသလို လက်စတာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီကလည်း လူစားဝင် ကစားခဲ့ပြီးမှာ အာဆင်နယ် အသင်းရဲ့ ခံစစ်ကြောင်းကို အတော်လေး ဒုက္ခ ပေးနိုင်ခဲ့ပါတယ်။ အီယန်ရိုက် ကတော့ လာမယ့်အပတ်မှာ အာဆင်နယ်အသင်း အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် မန်ယူအသင်းဟာ ဗာဒီထက် ပိုမို ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း အတွက် စိုးရိမ် ပူပန်မိကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Metro

” မန်ယူအသင်းကလည်း လက်စတာအသင်းလိုပဲ ဒုတိယပိုင်းမှာ ပိုကောင်းလာတတ်တဲ့ အသင်းတစ်သင်းပါ။ အာဆင်နယ်အသင်း အနေနဲ့ သူတို့ကို အနိုင်ယူဖို့အတွက် သူတို့ကို ဖြတ်ကျော်နိုင်မယ့် ပေးပို့မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မန်ယူအသင်းကလည်း လက်စတာအသင်းလိုပဲ ကစားလာဦးမှာပါ။ ပြီးတော့ သူတို့အသင်းက ဗာဒီထက် ပိုကောင်းတဲ့ တိုက်စစ်မှူးတွေကိုလည်း ပိုင်ဆိုင် ထားကြပါတယ်။ ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ လက်စတာအသင်းနဲ့ ပွဲဟာ ခက်ခဲမယ့် ပွဲတစ်ပွဲဆိုတာ ကျွန်တော်တို့ သိထားကြသလို မန်ယူအသင်းနဲ့ ပွဲစဉ်ကလည်း ခက်ခဲဦးမှာပါပဲ။ အာဆင်နယ်အသင်းက ပြီးပြည့်စုံတဲ့ သွင်းဂိုးတစ်ဂိုး မသွင်းပဲနဲ့ ရလဒ်ကောင်း တစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေရှာသင့်နေပါပြီ။ တန်ပြန်တိုက်စစ်ကိုလည်း ကြည့်လိုက်ဦး။ ဒီညမှာ ဗာဒီက အာဆင်နယ်အသင်းကို ဘယ်လို လုပ်သွားလဲဆိုတာ အားလုံးလည်း မြင်ကြမှာပါ။ ရက်ဖို့ဒ်ကလည်း ကျွန်တော်တို့ကို ပြဿနာတွေ ထပ်ပေးဦးမှာ သေချာပါတယ် ”

 

Photo Credit: Metro

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားတာကြောင့် လာမယ့် မန်ယူအသင်းနဲ့ ပွဲစဉ်ဟာ သူတို့အသင်း အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားမယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ တနင်္ဂနွေနေ့ည ၁၁နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။