ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီယန်ရိုက် ကတော့ အသင်းခေါင်းဆောင် လစ်လပ်နေတဲ့ သူ့ရဲ့ အသင်းဟောင်းဟာ စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အူဘာမီယန်းကို စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် အသင်းခေါင်းဆောင်သစ် တဦးကို ခန့်အပ်ဖို့ စီစဉ်နေပါတယ်။

Photo Credit: The Mirror

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ကွင်းလယ်လူ ချာကာ ၊ တိုက်စစ်မှူး လာကာဇက်တို့က ရရှိသွားလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် ဘောလုံးရေးရာ သုံးသပ်သူတွေ ကတော့ အာဆင်နယ်အသင်း အနေနဲ့ နိုင်လိုစိတ် ပြင်းထန်သလို ပွဲတိုင်းမှာ အင်ပြည့်အားပြည့် ပေးဆပ် ကစားလေ့ ရှိတဲ့ ဘယ်နောက်ခံလူ တီယာနေးကိုသာ အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်သင့်ကြောင်း အကြံပေးထားကြပါတယ်။

အသက် ၂၄နှစ် အရွယ် စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးဟာ ၂၀၁၉ခုနှစ်ကမှ ဆဲလ်တစ်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူ့ရဲ့ နိုင်လိုစိတ် ပြင်းထန်မှု ၊ အသင်းသားတွေကို ကာကွယ်ပေးတတ်မှု ၊ ခြေစွမ်းတည်ငြိမ်မှုတို့ကြောင့်ပဲ အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေသူပါ။

Photo Credit: The Mirror

တီယာနေးကို သဘောကျတဲ့ လူတွေထဲမှာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ အီယန်ရိုက်လည်း ပါဝင်နေပြီး အီယန်ရိုက်က ခေါင်းဆောင်စိတ်ဓာတ် အပြည့်အဝ ရှိတဲ့ တီယာနေးကသာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အီယန်ရိုက်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က တီယာနေးကိုပဲ အသင်းခေါင်းဆောင်သစ် အဖြစ် မြင်ချင်ပါတယ်။ အခုချိန်မှာ တာဗာရက်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် တီယာနေးအနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အရင်ထက် ပိုကြိုးစားဖို့ လိုအပ်နေတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်က တီယာနေးရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို အရမ်း ကြိုက်ပါတယ်။ ဘန်ဝှိုက်ကလည်း အသင်းခေါင်းဆောင် လက်ပတ်နဲ့ မြင်ကြည့်လို့ ရတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက စကားများများ ပြောတတ်တဲ့လူ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က တီယာနေးကိုပဲ ရွေးချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက အသင်းကို ဦးဆောင်ပြီး ကစားနိုင်တယ်။ အသင်းသားတွေကို လှုံ့ဆော်နိုင်တယ်။ သူသာ ကြံ့ခိုင်မှု ပြည့်ဝနေရင် သူ့ရဲ့ ကစားပုံ ဘယ်လောက် ကောင်းတယ် ဆိုတာကို အားလုံးလည်း သိကြတာပဲလေ” လို့ ပြောဆိုသွားခဲ့တာပါ။