ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ အီယန်ရိုက် ကတော့ ယနေ့ည ၁၁နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမယ့် စပါးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ အိမ်ရှင် စပါးအသင်းကို အနိုင်ယူ သွားလိမ့်မယ်လို့ သုံးသပ် ပြောဆို သွားခဲ့ပါတယ်။ စပါးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံး ဒါဘီတွေထဲက တစ်ခု ဖြစ်ပြီး သူတို့နှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ်တိုင်း အကြိတ်အနယ် ရှိကြသလို ကစားသမားတွေ ကြားမှာလည်း မကြာခဏ အချင်းများမှုတွေ ဖြစ်တတ်ပါတယ်။

Photo Credit: Metro

လက်ရှိ ဘောလုံးရာသီမှာတော့ စပါးအသင်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ဆန့်ကျင်ဘက် အနေအထား မှာ ရှိနေတယ်လို့ ဆိုမှာ ဖြစ်ပြီး အိမ်ရှင် စပါးအသင်းဟာ ၁၀ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၁မှတ်အထိ ရရှိ ထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၂ နေရာမှာ ရှိနေပြီး အာဆင်နယ် အသင်းကတော့ စပါးအသင်းနဲ့ ရမှတ် ၈မှတ် ကွာဟနေကာ အဆင့် ၁၄နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါ့ကြောင့် ယနေ့ညမှာ ကစားမယ့် ပွဲစဉ်ဟာ စပါးအသင်းထက် အာဆင်နယ် အသင်းအတွက် ရလဒ်ကောင်းရဖို့ ပိုမို အရေးကြီး နေပြီး အဆိုပါ ပွဲစဉ်မှာသာ အရေးနိမ့်ခဲ့ပါက အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅နေရာ အထိ ကျဆင်း သွားနိုင်ပါတယ်။ လက်ရှိမှာတော့ ဥရောပရဲ့ ဘောလုံးကျွမ်းကျင်သူ အများစုက စပါးအသင်းကသာ မြောက်လန်ဒန် ဒါဘီမှာ အနိုင်ရသွားမယ် လို့ သုံးသပ် နေကြပေမယ့် အီယန်ရိုက် ကတော့ အသင်းဟောင်း အာဆင်နယ် အသင်းကို အပြည့်အဝ ယုံကြည် ထားပါတယ်။

Photo Credit: Metro

မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ် အသင်းက အနိုင်ရရှိသွားမယ့် အကြောင်းကို အီယန်ရိုက်က “ မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝ အစမှာပဲ ရော်ဘင် ၊ အက်ရှလေကိုးလ် ၊ ဒရော့ဘာတို့လို ကျွန်တော်တို့ အသင်းကို ပြဿနာတွေ အများကြီး ပေးနိုင်တဲ့ ကစားသမားတွေနဲ့ ကစားလေ့ ရှိပါတယ်။ သူဟာ အာဆင်နယ် အသင်းကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ ကောင်းကောင်းကြီး သိတဲ့ နည်းပြတစ်ဦးပါ။ သူက ခင်ဗျားကို ဘယ်လို ဖိအားပေး ကစားရမလဲ ဆိုတာ သိသလို ဖိအားပေး ကစားလို့ အဆင်မပြေရင်လည်း ကောင်တာတိုက်စစ် ကနေ ခင်ဗျားကို ဂိုးသွင်းဖို့ လုပ်တတ်ပါတယ်။ အခုလည်း ဒီလိုပါပဲ။ အခုချိန်မှာ ခင်ဗျားက အူဘာမီယန်းကို အခွင့်အရေးတွေ မရဘူး ဆိုပြီး ဝေဖန်လို့ မရပါဘူး။ သူ့အလုပ်က ဘောလုံးကို ဂိုးပေါက်နဲ့ မိတ်ဆက်ပေးဖို့ပါ။ အဲ့ဒီအပိုင်းမှာ သူက ဘယ်လောက်အထိ တော်လဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြပါတယ်။ ခင်ဗျားကတော့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကနေ ဖန်တီးမှုတွေ ထွက်လာဖို့ မျှော်လင့် ထားနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ အဲ့လို ဖြစ်ဖို့ မလွယ်ပါဘူး။ လူတိုင်းကတော့ စပါးအသင်းဟာ ဒီပွဲစဉ် ကို အနိုင်ရဖို့ အခြေအနေ ကောင်းနေတယ် လို့ ပြောကြပါတယ်။ ကျွန်တော် ကတော့ အာဆင်နယ် အသင်းဟာ စပါးအသင်းကို ၃-၂ နဲ့ နိုင်သွားမယ် လို့ ထင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။