အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က နည်းပြအိုလေဂန်နာဆိုးလ်ရှားအနေနဲ့ သူရဲ့လက်ရှိကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ဆက်လက်ကိုင်တွယ်ဖို့ မဖြစ်နိုင်တော့သလို ဆိုးလ်ရှားရဲ့နည်းပြအဆင့်အတန်းဟာလည်း ဒီပမာဏသာ ရှိနေတော့တဲ့အတွက် ကလပ်အသင်းနဲ့ လက်တွဲဖြုတ်လိုက်ခြင်းသာ အကောင်းဆုံး ဖြေရှင်းမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ ဒီနှစ်ဘောလုံးရာသီမှာ သူတကယ်ကို အလိုရှိနေတဲ့ ထိပ်တန်းကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံး တည်ဆောက်ထားနိုင်ခဲ့ပေမယ့်လည်း အသင်းကို အကောင်းဆုံးပုံစံရအောင် မစွမ်းဆောင်ထားနိုင်သလို လီဗာပူးလ် မန်စီးတီးတို့လို အခါးသီးဆုံး ပြိ်ုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း သွင်းဂိုးပါမရှိပဲ ဂိုးပြတ်တွေနဲ့ကို အရေးနိမ့်ထားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အသင်းဘက်ကတော့ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးသလို နည်းပြအပြောင်းအလဲ ချက်ချင်းမလုပ်ဆောင်ချင်သေးပဲ ဆိုးလ်ရှားကိုသာ အသင်းနည်းပြအဖြစ် ဆက်လက်ခန့်ထားဖို့ အစီအစဉ် ရှိနေတာကြောင့် ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်ကိုယ်တိုင်ကပါ ဆိုးလ်ရှားကို နည်းပြရာထူးကနေ စွန့်လွှတ်လိုက်ဖို့ ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ရပါတယ်။

Photo Credit : Metro

ရီယိုဖာဒီနန်ရဲ့ ပြောဆိုမှုကို အီယန်ရိုက်ကလည်း ထောက်ခံသွားခဲ့ပြီး “ဘောလုံးသုံးသပ်သူတွေတိုင်းက တူညီတာကိုမြင်ပြီး ပြောနေကြတာ။ ဦးတည်ချက် မရှိဘူး။ ညှိနှိုင်းမှု မရှိဘူး။ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းတည်ဆောက်နိုင်ခြင်း မရှိဘူးဆိုတာတွေကိုပေါ့၊ သူတို့သာ ဒါကို အခြေအနေမှန်တစ်ခုထိ ရောက်ရှိအောင် လုပ်ဆောင်သွားနိုင်မယ်ဆိုရင် အသင်းတိုင်းကို အနိုင်ယူလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စုစည်းမှုအားကောင်းလှတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မျိုးမှာ ဥပမာဆိုရင် လက်စတာ လီဗာပူးလ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့တွေအတွက် အလွန်ကြီးမားတဲ့ ပြသာနာမျိုးတွေ ဖြစ်စေရတယ်။ ဒါကတော့ အသင်းရဲ့နည်းပြက သူ့အဆင့် ဒီလောက်ပဲ ရှိနေတယ်ဆိုတာကို သိသာမြင်သာစေတာပါပဲဲ။ ရွိုင်ကိန်းတို့ ဖာဒီနန်တို့လို ယူနိုက်တက် ကစားသမားဟောင်းကြီးတွေ ပြောဆိုတာတွေကို ကျွန်တော်ဂရုတစိုက် နားထောင်ကြည့်တယ်။ သူတို့တွေက ယူနိုက်တက်ကစားသမားတွေက ကစားနေတာကို မလုံလောက်သေးဘူးဆိုတာကိုပဲ ပြောနေကြတယ်။ ဒါပေမယ့် နည်းပြကလည်း သူရဲ့နည်းပြ Level အကုန်ထိကို ရောက်ရှိနေခဲ့ပါပြီ။ သူ ဘယ်လိုမှ ဒီထက်ပိုပြီး မစွမ်းဆောင်နိုင်တော့ပါဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။