ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ အီယန်ရိုက် ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်ရဲ့ ပင်နယ်တီ ကန်သွင်းမှု ပုံစံအား တားဆီးသင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ စပို့တင်း အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာပြီး နောက်မှာ အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်လာခဲ့သလို အသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူလည်း ဖြစ်လာပါတယ်။ ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာပြီး နောက်မှာ အသင်းက ရရှိတဲ့ ပင်နယ်တီ အများစုကို ကန်သွင်းခဲ့သလို ကန်ချက် အများစုကလည်း ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

Photo Credit: Mirror

ဒါ့ကြောင့်ပဲ ဖာနန်ဒက်ရဲ့ ပင်နယ်တီ သွင်းဂိုးဟာလည်း များပြားလာသလို သူ့ရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းမှု စတိုင်ဟာလည်း ပရိသတ်တွေ ကြားထဲမှာ ရေပန်းစား လာခဲ့ပါတယ်။ ဖာနန်ဒက်ဟာ ပင်နယ်တီ မကန်သွင်းမီမှာ တစ်ချက်ခုန်ကာ တစ်ဖက် ဂိုးသမားရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး ဂိုးသမား ဒိုက်ပစ်တဲ့ နေရာနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းတဲ့ ပင်နယ်တီ ကန်သွင်းပုံကို အသုံးပြုလေ့ ရှိသူ ဖြစ်ပြီး ချယ်လ်ဆီး အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာလည်း တစ်ခါတစ်ရံ အဆိုပါ ပင်နယ်တီ ကန်သွင်းမှု နည်းစနစ်ကို ကျင့်သုံးလေ့ ရှိပါတယ်။ အီယန်ရိုက် ကတော့ ဖာနန်ဒက်ရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေဟာ တစ်ဖက် ဂိုးသမားတွေ အတွက် အခက်အခဲ ဖြစ်စေတဲ့ ပင်နယ်တီ ကန်သွင်းမှုတွေ ဖြစ်ပြီး ဘောလုံးကို မကန်မီမှာ တစ်ချက်ခုန်ကာ ဂိုးသမားရဲ့ လှုပ်ရှားမှုကို ကြည့်တဲ့ ပုံစံအား တာဝန်ရှိတဲ့ အကြီးအကဲတွေက တားဆီးသင့်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Mirror

ဖာနန်ဒက်ရဲ့ ပင်နယ်တီ ကန်သွင်းမှုပုံစံအား တားဆီးသင့်တဲ့ အကြောင်းကို အီယန်ရိုက်က “ အဲ့ဒီ ပင်နယ်တီ ကန်သွင်းတဲ့ ပုံစံက ဂိုးသမားတွေ အတွက် ခက်ခဲပါတယ်။ ခင်ဗျားက ဘောလုံးကို မကန်ခင် တစ်ချက်ခုန်နေတဲ့ အချိန်မှာ ဂိုးသမားက သူ့ရဲ့ ခြေထောက်တွေ စည်းပေါ်ကနေ မကျော်သွားအောင် အာရုံစိုက် နေရပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ ကစားသမားတွေ ဒီလို ပင်နယ်တီ ကန်သွင်းမှုပုံစံ လုပ်နေတာကို တားဆီးသင့်ပါပြီ။ သူတို့က ဒိုင်လူကြီး ခရာမှုတ်တာနဲ့ ပြေးပြီး တစ်ချက်တည်း ကန်တဲ့ပုံစံ ကို အတည်ပြုသင့်ပါတယ်။ ပင်နယ်တီ ကန်သွင်းမယ့် ကစားသမားတွေက လှုပ်ရှားနေပြီး ဂိုးသမားတွေက မလှုပ်ရှား ရတာဟာ တကယ်တော့ မမျှတပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။