မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ခံစစ် စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး အိုဝင်ဟားဂရေ့စ်နဲ့ အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရ်ိုက်စ်တို့က ချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : The Indian Express

ဒီနှစ်နွေရာသီမှ အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား နောက်ခံကစားသမား မာတီနက်ဇ်ဟာ ယူနိုက်တက်အတွက် စတင် ကစားခဲ့ရတဲ့ ပွဲအနည်းငယ်မှာ အသားမကျမှုတွေ ရှိခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ်နဲ့ပါ တဖြည်းဖြည်း ခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကို အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးကို ပွဲအပြီးထိ ထိန်းသိမ်းနိုင်ခဲ့တာက ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းပြမှုအပြင် မာတီနက်ဇ်ရဲ့ ခံစစ်ပိုင်းအတွင်း စွမ်းဆောင်နိုင်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။

Photo Credit : Khel Now

ဒီလို ပုံစံကောင်းတွေ ပြသနေတဲ့ မာတီနက်ဇ်နဲ့ ပတ်သတ်ပြီး အီယန်ရိုက်က “သူက မန်ချက်စတာယူနိုက်တက်အသင်းမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ခံစစ်ပိုင်း အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ သူရဲ့ နေရာယူမှုတွေသာမကပဲ သူရဲ့ ဘောလုံးပေးပို့မှုတွေကပါ ယူနိုက်တက်တို့ လိုအပ်နေတာနဲ့ အတိအကျပါပဲ။ သူက တကယ့်ကို ကောင်းမွန်လှတဲ့ ခေါ်ယူမှုတစ်ခုပါပဲ” လို့ ချီးမွမ်းသွားခဲ့သလို ဟားဂရေ့စ်ကလည်း “သူက အသင်းအတွက် အများကြီး ပေါင်းထည့်ပေးနိုင်ခဲ့တယ်။ အသင်းအတွက် အများကြီး ပေးစွမ်းနိုင်ခဲ့တယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ သူရဲ့ စွမ်းဆောင်ရည်က သူရဲ့ တွဲဖက် ဟယ်ရီမက်ဂွိုင်းယားကိုပါ ကြီးမားတဲ့ သက်ရောက်မှု ရှိစေခဲ့တယ်။ ဒီနိုင်ပွဲမှာ ယူနိုက်တက်အတွက် အကောင်းမြင်လို့ရတဲ့ အချက်တွေ အများကြီး ရှိခဲ့တယ် ဆိုပေမယ့် ခံစစ်ပိုင်းက မာတီနက်ဇ်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူ့ကြောင့် အဲရစ်တန်ဟက်ဂ်လည်း တကယ်ကို ကျေနပ်နေပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ လူကောင်သေးသလောက် ခံစစ်ပိုင်း တအားထူးချွန်လှတဲ့ မာတီနက်ဇ်ကို ယူနိုက်တက် ပရိသတ်များစွာက ချစ်စနိုးနဲ့ “Mini Vidic” ဗီဒစ်ပေါက်စလေးလို့ ခေါ်ဝေါ်လျက် ရှိနေပါတယ်။