ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက်က မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မှာ ဧည့်သည် လီဗာပူးက အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ထိပ်တိုက် တွေ့ဆုံတိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားလေ့ ရှိကြသလို သူတို့နှစ်သင်း ရင်ဆိုင်ကစားတဲ့ ပွဲစဉ်တွေကို အင်္ဂလန်ဒါဘီ အဖြစ် ခေါ်ဝေါ်ကြပါတယ်။

Photo Credit: Sky Sports

ယခုတပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် ယူနိုက်တက်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဥရောပဝင်ခွင့် အတွက် လီဗာပူးကို အနိုင်ကစားဖို့ ပြင်ဆင်လာမှာ ဖြစ်သလို လီဗာပူးကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယူနိုက်တက်ကို အဝေးကွင်းမှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က မကြာသေးမီကပဲ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ ယူနိုက်တက်က အာမတ် ဒီရယ်လိုရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ လီဗာပူးကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းထားနိုင်တာကြောင့် မနက်ဖြန်မှာ ကစားမယ့် ပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ရလဒ်ကို ရရှိသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားကြီး အီယန်ရိုက်ကတော့ အက်ဖ်အေပြိုင်ပွဲရဲ့ ရှုံးကြွေးကို ပြန်ဆပ်မယ့် လီဗာပူးကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ အရှက်တကွဲ ရှုံးနိမ့်လိမ့်မယ်လို့ အခိုင်အမာ ဆိုလာပါတယ်။

အီယန်ရိုက်က – “ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် စိုးရိမ်နေပါတယ်။ ဒီပွဲမှာ လီဗာပူးက အက်ဖ်အေဖလားပြိုင်ပွဲတုန်းကထက် ပိုပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ဆော့လာမှာ ဖြစ်သလို ပိုပြီးလည်း ရက်စက်လာပါလိမ့်မယ်။ ယူနိုက်တက်ကလည်း လီဗာပူးကို ပြန်ပြီး ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ဂါနာချိုက လီဗာပူးအတွက် အန္တရာယ် တခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို နေရာမှန်ဆီ ပြန်ပို့ပါလိမ့်မယ်။ ကျွန်တော်ကတော့ ယူနိုက်တက် အတွက် စိုးရိမ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က နောက်ထပ် ဂိုးပြတ်ရှုံးပွဲ တပွဲ ကြုံရတော့မှာကို မြင်ယောင်မိနေလို့ပါ။ အရိုးသားဆုံး ပြောရရင် ယူနိုက်တက်က လီဗာပူးကို ဂိုးပြတ် ရှုံးလိမ့်မယ်လို့ ထင်နေပါတယ်။ အိုးထရက်ဖို့ဒ်က ခံတပ် တခု မဟုတ်တော့ပါဘူး။ တကယ်လို့ လီဗာပူးကသာ ခေါင်းမော့ ရင်ကော့ပြီး ကွင်းထဲကို ဝင်လာခဲ့ရင် ယူနိုက်တက် အတွက် စိုးရိမ်ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။