ကိုလံဘီယာလက်ရွေးစင်ဟောင်းတစ်ယောက်ဖြစ်ပြီး ပါးမား နယူးကာဆဲလ်ယူနိုက်တက်အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဖာစတီနိုအက်စပီလာက သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်အနေနဲ့ ရီးရဲလ်မှာ နေရာပျောက်ဆုံးနေမှုကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပြီး ဒါဟာ နည်းပြဇီဒန်းကြောင့်သာဖြစ်ကာ ဇီဒန်းရဲ့ သူ့ကစားသမားအပေါ် လေးစားမှုကင်းမဲ့စွာ ဆက်ဆံမှုကြောင့် ဂျိမ်းစ်က အသင်းမှာ နေရာပျောက်နေရခြင်းသာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုပါ ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာ မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပေါင်(၆၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမယ့် ရီးရဲလ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဂျိမ်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို (၂)ရာသီအငှားချခံခဲ့ရပြီး ဒီရာသီမှ ရီးရဲလ်အသင်းဆီ ပြန်လည်ရောက်လာခဲ့တာဖြစ်သလို ဒီရာသီမှာလည်း ရီးရဲလ်အတွက် ပြိုင်ပွဲစုံ(၁၃)ပွဲလေးသာ ပါဝင်ကစားခွင့်ရထားခဲ့ပါတယ်။

Photo Credit : Infobae

လက်ရှိမှာလည်း လာလီဂါပွဲတွေ ပြန်လည်စတင်နေပြီဖြစ်ပေမယ့် ဂျိမ်းစ်က ရီးရဲလ်အသင်းအတွက် မကစားပေးနိုင်သေးသလို ကစားသမား(၅)ယောက်အထိ လူစားလဲခွင့် ခွင့်ပြုထားတာတောင် ဂျိမ်းစ်ကို ဇီဒန်းက လုံးဝကစားခွင့်မပေးတာကြောင့် အက်စပီလာက အခုလို ဝေဖန်ပြစ်တင်လိုက်ရတာလည်းဖြစ်ပါတယ်။ အက်စပီလာက “ဂျိမ်းစ်က တာဝန်မကျေပြွန်တတ်တဲ့ ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ သူလည်း အခြားရီးရဲလ်အသင်းသားတွေလို နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ဆောင်မှာပဲလေ။ နည်းပြကတော့ ကစားသမားတွေက လူစာရင်းဝင်တဲ့ ကစားသမားရော အရန်ခုံမှာထိုင်နေရတဲ့ ကစားသမားပါ အတူတူပဲလို့ ပြောဆိုတတ်ကြပေမယ့်လည်း တကယ်တမ်းကျတော့ လူစားလဲပြီဆိုရင် သူအမြဲထည့်သွင်းလေ့ရှိသူကိုပဲ သုံးတတ်တာပါ။ ရီးရဲလ်အသင်းမျိုးမှာ ကစားသမားတွေက သူတို့ရဲ့ခြေစွမ်းတွေ တတ်လာနိုင်သလို ကျလည်းကျသွားတတ်တယ်။ ကျွန်တော်ထင်တာကတော့ ဂျိမ်းစ်အပေါ်မှာ လေးစားမှုလေး အနည်းငယ်လောက် ထားသင့်တယ်လို့ ထင်မိတယ်။ ဂျိမ်းစ်က စိတ်ရှည်နေသလောက် ဇီဒန်းက ချီးစားနေသလိုပါပဲ” လို့ ဒေါသတကြီးနဲ့ ဝေဖန်သွားခဲ့ပါတယ်။