နာမည်ကျော် အီတလီလူမျိုး ဝါရင့်နည်းပြကြီး ဖေဘီယိုကာပယ်လိုကတော့ ဂျုဗင်တပ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ လဲလှယ်ဖို့ထက် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟယ်ရီကိန်းနဲ့သာ လဲလှယ်သွားစေချင်နေပြီး သူသာ လုပ်ပိုင်ခွင့် ရှိနေခဲ့တယ်ဆိုရင် သူပြောတဲ့အတိုင်းကို အကောင်အထည်ဖော်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Juvefc.com

အသက်(၂၇)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုအထိကို ဆွတ်ခူးခဲ့သူဖြစ်ပေမယ့်လည်း ဒီရာသီ နည်းပြသစ်ပီယာလိုလက်အောက်မှာတော့ သူရဲ့ပွဲထွက်ခွင့်တွေက အကန့်အသတ် ရှိလာခဲ့ရသလို အသင်းသားဟောင်း ပေါ့ဘာကို အသင်းဆီ ပြန်လည်ခေါ်ဆောင်နိုင်ရေးမှာ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ပါ အသုံးပြုခံရဖွယ် ရှိလို့နေရပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်နည်းပြဟောင်း ကာပယ်လိုကတော့ ဒီဘားလားကို ပေါ့ဘာကို ခေါ်ယူဖို့ အလိုက်ပေးကမ်းလှမ်းတာမျိုးထက် အထောင်တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ထည့်သွင်းကမ်းလှမ်းတာမျိုးကိုသာ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Juvefc.com

ကာပယ်လိုက “ပေါ်လိုက ကျွန်တော့်ကို ဆာဗစ်ချာဗစ်ကို အမှတ်တရဖြစ်စေနိုင်တယ်။ သူက ညာခြမ်းတောင်ပံမှာ ကစားနေရင် ဒီကစားသမားကြီးရဲ့ ဟန်ပန်နဲ့ အရမ်းဆင်တူတာ။ ဘောလုံးအမြင်လည်းကောင်းပြီး အလိမ်အခေါက်စွမ်းရည်လည်း ထူးချွန်ပါတယ်။ ပေါ်လိုက လူကောင်သေးပေမယ့် ဖြတ်ထုတ်မှုတွေကို ရှောင်တိမ်းတတ်တယ်။ ဆာဗစ်ချာဗစ်ထက်လည်း အဆုံးသတ်ပိုင်း ပိုကောင်းတယ်။ ဆာဗစ်ချာဗစ်က ဂိုးဖန်တီးမှုကောင်းတယ်။ တစ်ဦးချင်းမှာဆိုရင်တော့ ပေါ်လိုက ပိုကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။ ကျွန်တော်ကတော့ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့အတွက် ပေါ်လိုကို အသုံးမချစေချင်ဘူး။ ကျွန်တော်သာ ဒီအပြောင်းအရွှေ့ထဲကို ပါဝင်ပတ်သက်လို့ ရမယ်ဆိုရင် တော့တင်ဟမ်က အင်္ဂလန်တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက်ကိုပဲ အသုံးချလိုက်ချင်ပါတယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ လတ်တလောမှာတော့ ဒီဘားလားဟာ ၂၀၂၂ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး စာချုပ်သစ်ကိစ္စက အေးစက်လျက်ရှိနေသလို ပီအက်စ်ဂျီအသင်းနည်းပြ ဖြစ်လာတော့မယ့် ပိုချက်တီနိုကလည်း ပီအက်စ်ဂျီအတွက် ဒီဘားလားကို ခေါ်ဆောင်သွားချင်နေပါတယ်။