ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာက သူရဲ့ကွင်းပြင်ပ ပျော်ပါးမှုတွေနဲ့ပတ်သက်ပြီး ဒီကိစ္စတေတွကို တင်းမီဒီယာများရဲ့ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဖော်ပြခံရလေ့ရှိပေမယ့် ဒီလိုကိစ္စတွေထက်စာရင် ပွဲကစားနေအခါမျိုးမှာ သူပါဝင်ကစားနေတဲ့ အသင်းအတွက် ကြိုးစားအားထုတ်ခဲ့တာတွေ ပတ်သက်ပြီးတော့သာ သူရဲ့ပုံစံကို အကဲဖြတ်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : PSG Talk

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ထိပ်တန်းတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာဟာ ဘောလုံးစွမ်းရည် ကြွယ်ဝလွန်းသူ ဖြစ်ပေမယ့်လည်း သူရဲ့ဘောလုံးနယ်ပယ်ပြင်ပ အပျော်အပါး ကိစ္စရပ်တွေအပေါ် အာရုံများနေမှုကြောင့် သတင်းတွေ ဖော်ပြခံခဲ့ရ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံလိုက်ရ ဖြစ်နေပမယ့် နေမာက သူအနေနဲ့ သူရဲ့ဘောလုံးကစားမှုအပေါ်မှာ သေချာဇောက်ချ မလုပ်ခဲ့ဘူးဆိုရင် အခုလို ထိပ်တန်းအဆင့် နေရာအထိကိုတောင် ရောက်လာခဲ့မှာ မဟုတ်တာကိုလည်း မေ့မထားစေချင်ဘူး ရှင်းလင်းပြောဆိုလာခဲ့ပါတယ်

Photo Credit : Goal

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး နေမာက “တကယ်လို့ ကျွန်တော်သာ သေချာလေးကို အလေးအနက် မရှိခဲ့ဘူးဆိုရင် ထိပ်တန်းအဆင့်မှာတောင် ရှိနေမှာ မဟုတ်ပါဘူး။ အပြင်သွားနိုင်တယ်ဆိုရင်လည်း အပြင်သွားလိုက်တယ်။ အားလပ်တဲ့အချိန်မျိုးတွေ အနားရတဲ့ အချိန်မျိုးတွေမှာ အပြင်လည်ပတ်တယ်။ ဒါက ပြသာနာ မရှိပါဘူး။ သူတို့အနေနဲ့ ကျွန်တော်ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့သာ ဝေဖန်အကဲဖြတ်သင့်တယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော်လုပ်ချင်တာ လုပ်လို့ရတယ်။ ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို ဂရုမစိုက်ပဲ နေခဲ့လိုက်မယ်ဆိုရင်လည်း ကျွန်တော် ဒီလို အဆင့်မျိုးမှာ နေနိုင်မှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ကို နည်းနည်းလေးတော့ စိတ်အဆင်မပြေမှုတော့ ဖြစ်စေရတယ်။ ကျွန်တော်က ဘောလုံးကစားရတာကို ကြိုက်တယ်။ ဘောလုံးကစားနေရတာက ကျွန်တော့်ဘဝမှာတော့ အနှစ်သက်ဆုံးသော အရာပါပဲ။ ကျွန်တော်က ဘောလုံးနယ်ပယ်ထဲမှာ ရှိနေတဲ့ ဘောလုံးသမားတွေ အားလုံးထဲကမှ စစ်မှန်ပြီး အမှန်ကန်ဆုံးသော ကစားသမားတစ်ဦး ဖြစ်ချင်ပါတယ်။ ဒါက ကျွန်တော် အစစ်အမှန်ပါပဲ။ ဘာမှ မဖုံးကွယ်ထားချင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။