ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်က အသင်းနဲ့ တရားဝင် မိတ်ဆက်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ လတ်တလော ကလပ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းဆီ ရောက်ရှိလာစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်ကတည်းက နယူးကာဆဲလ်အသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြယာဂန်ကလော့ရဲ့လက်အောက်မှာ အသင်းရဲ့အဓိက အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းနဲ့လည်း ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အစရှိတဲ့ အဓိကဆုဖလားများစွာကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ခါနီးမှာ အသင်းရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ပီအက်စ်ဂျီအသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Photo Credit : DPG Media

ဝိုင်နယ်ဒန်ဟာ အသင်းသစ် ပီအက်စ်ဂျီနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ကာ အသင်းရဲ့ ကွင်းလယ်မှာ ဗာရက်တီ ပါရေဒက်စ် ဟာရဲရားတို့လို ကွင်းလယ်ကစားသမားတွေနဲ့ တွဲဖက်ကစားရတော့မှာဖြစ်သလို လတ်တလောမှာလည်း ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ World Class ကွင်းလယ်လူ ပေါ့ဘာနဲ့ပါ တွဲဖက်ကစားရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ကြယ်ပွင့် ပေါ့ဘာကို အသင်းဆီ အရခေါ်ယူချင်နေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားမြင့်တင်ချင်နေတာဖြစ်ပါတယ်။ ပေါ့ဘာနဲ့ပတ်သက်ပြီး ပြင်သစ်နာမည်ကျော် မီဒီယာကြီး RMC Sport ကနေ ဝိုင်နယ်ဒန်ကို မေးမြန်းလာခဲ့ရာ “ပေါ့ဘာက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် သူနဲ့လည်း ပြိုင်ဘက်တွေအဖြစ် မကြာခဏဆိုသလို ရင်ဆိုင်တွေ့ဆုံခဲ့ရတယ်။ ရင်ဆိုင်ရတိုင်းမှာလည်း သူက ဘယ်လောက်အထိကို ကောင်းမွန်တဲ့ ကစားသမားမျိုးလဲဆိုတာ သိခဲ့ရတယ်။ ဒီလို ကစားသမားကို အသင်းတိုင်းက အလိုရှိကြမှာပါ။ ကျွန်တော်လည်း ပေါ့ဘာကို ကျွန်တော်တို့ဆီ ရောက်ရှိလာစေချင်တယ်။ ဘာကြောင့်လဲဆိုတာ့ သူက တကယ့်ကို ထိပ်တန်းကစားသမား ဖြစ်နေလို့ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။