လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့က ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတော့မယ့် အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဂျော်ဂျီနီယိုဝိုင်နယ်ဒန်အနေနဲ့ အသင်းနဲ့သာ စာချုပ်သက်တမ်းတိုးမြှင့်ပြီး အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်လိုက်မယ်ဆိုရင် သူအရမ်းကို ပျော်ရွှင်ဝမ်းမြောက်မိမှာလို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး စာချုပ်သစ်ကိစ္စကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်ကမှ နယူးကာဆဲလ်ယူနိုက်တက်အသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြကလော့ရဲ့လက်အောက်မှာ သာမာန်ကစားသမားဘဝကနေ Level တစ်ခုထိ တတ်လှမ်းလာနိုင်ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေကိုလည်း အရယူနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဝိုင်နယ်ဒန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး လာမယ့်ဇန်နဝါရီလမှာပဲ သူ့ကို ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို အကြိုသဘောအဖြစ် ဆွေးနွေးနိုင်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : This is Anfield

ဒီနယ်သာလန်ကွင်းလယ်ကစားသမားကို နယ်သာလန်လူမျိုးနည်းပြ ရော်နယ်ကိုးမန်းကိုင်တွယ်လို့နေတဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း သူနဲ့နယ်သာလန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကိုးမန်းရဲ့လက်အောက်မှာ ကစားချင်နေပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ခံစစ်ပိုင်းမှာသာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဝိုင်နယ်ဒန်ထက် ခံစစ်မှူးတစ်ယောက်ကိုသာ ဦးစားပေးခေါ်ယူရဖွယ် ရှိနေပါတယ်။ ဝိုင်နယ်ဒန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကလော့က “ဒီကိစ္စနဲ့ပတ်သက်ပြီး များများစားစားတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူသာ အသင်းမှာ ဆက်လက်ရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော်သေချာပေါက်ကို ပျော်ရွှင်မိမှာပါ။ သူက အသင်းအတွက် ဘယ်လောက်တောင် အရေးပါတဲ့ ကစားသမားလဲဆိုတာ အသင်းရဲ့လူစာရင်းတွေကို ကြည့်လိုက်ရင် သင်သိပါလိမ့်မယ်။ သူက ကျွန်တော့်အတွက် အကောင်းဆုံးကစားနိုင်သူပါ။ ဒါကြောင့်လည်း သူက ဒီလောက်ပမာဏအထိကို ပါဝင်ကစားခဲ့ရတာလေ။ သူက ကျွန်တော်တို့အသင်းအတွက် မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့လည်း ကစားပေးနိုင်ခဲ့သလို သူရဲ့အကောင်းဆုံးပုံစံကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါတွေက ဆက်လက်ရှိနေမယ်ဆိုရင် အရမ်းကောင်းမှာပါ။ လောလောဆယ်ကတော့ ဘာဆုံးဖြတ်ချက်ကိုမှ မလုပ်ဆောင်ရသေးပါဘူး။ ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။