ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အိန်ဂျယ်ဒီမာရီယာဟာ လာမယ့်လအတွင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားသွားရမယ့် အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံရခြင်းမရှိခဲ့တဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်မိခဲ့ရပြီး သူဟာ လက်ရှိမှာ အသက်(၃၀)ကျော်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း အသင်းဖော်တွေဖြစ်တဲ့ နေမာ ဘာပေတို့လို ကစားသမားတွေလို စွမ်းဆောင်ရည်မျိုးကို ဆက်လက်ပြသနေနိုင်ဆဲပဲလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credi : Goal

လာမယ့်အောက်တိုဘာလအတွင်းမှာ အီကွေဒေါ ဘိုလစ်ဗီးယားအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားရမယ့် အာဂျင်တီးနားအသင်းရဲ့လူစာရင်းအတွင်းမှာ လီယွန်နယ်မက်ဆီ ပေါ်လိုဒီဘားလား လော်သာရိုမာတီနက်ဇ်တို့လို အဓိက ကစားသမားတွေ အစုံအလင် ရွေးချယ်ခံခဲ့ရပေမယ့်လည်း တောင်ပံကစားသမား ဒီမာရီယာကတော့ ချန်လှပ်ခံခဲ့ရတာကြောင့် ဒီမာရီယာကိုယ်တိုင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရပါတယ်။ အခုလို ချန်လှပ်ခံ ဒီမာရီယာက “အခုလို ဖြစ်သွားခဲ့တဲ့အပေါ် ကျွန်တော်ဘယ်လိုပြောရမလဲကို မသိတော့ဘူး”

Photo Credit : Lider en deportes

“အာဂျင်တီးနားလက်ရွေးစင်အသင်းကတော့ ကျွန်တော်ထက်ကို ပိုပြီးအရေးကြီးပါတယ်။ စဉ်းစားမိတာကတော့ ကျွန်တော် ပီအက်စ်ဂျီအသင်းအတွက်များ အသေအကြေ မကြိုးစားပေးခဲ့ရင် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရမလားလို့တောင် စဉ်းစားမိသွားခဲ့တယ်။ ကျွန်တော် အကောင်းဆုံးပုံစံရနေချိန်မှာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရတာကို လုံးဝကို နားမလည်နိုင်ဘူး။ သူတို့ ကျွန်တော့်ကို မလိုအပ်လို့ မရွေးချယ်ခဲ့တာလို့ပဲ ထင်မိပါတယ်။ ဒါပေမယ့် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့်ရအောင် ကျွန်တော်အားထုတ်ကြိုးပမ်းသွားမှာပါ။ ကျွန်တော်အသက်က ၃၂နှစ်ရှိနေပြီ လူတွေကလည်း ကျွန်တော့်ကို အသက်အရွှယ်က အကျပိုင်းကို ရောက်နေပြီလို့ ပြောနေကြပေမယ့် ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေက ဆက်လက်ပြီး ကောင်းမွန်နေသေးတာပဲ။ ပွဲတိုင်းလိုလိုမှာ ကျွန်တော် အသက်အရွှယ်မကြီးသေးဘူးဆိုတာကို သက်သေပြနိုင်ခဲ့တာပဲ။ ကျွန်တော်က နေမာ ဘာပေတို့ရဲ့ အဆင့်မျိုးလို ကစားနိုင်သေးပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီိမာရီယာဟာ  မာဆေးလ်ပွဲမှာ ပြိိုင်ဘက်ကစားသမားကို တထွေးနဲ့ ထွေးမိခဲ့တဲ့အတွက် သူ့ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကနေ လီဂူးပွဲစဉ်(၄)ပွဲအထိကို ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာကြောင့် ပီအက်စ်ဂျီအသင်းအတွက် Reims အန်ဂါစ် နီးစ် ဒီဂျွန်အသင်းတို့နဲ့ ကစားရမယ့် လီဂူးပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ရတော့မှာဖြစ်ပါတယ်။