ဒီနှစ်နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှုဖြစ်လာတော့မယ့် အေဂျက်စ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို သူရဲ့စီနီယာကစားသမားဖြစ်တဲ့ နယ်သာလန်အသင်းဖော် လီဗာပူးလ်နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်က ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ကြိုဆိုကြောင်းနဲ့ ဗန်ဒယ်ဘိခ်ရဲ့အပြောင်းအရွှ့ဟာလည်း အလွန်ကောင်းမွန်လှတဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်သာရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက သူရဲ့ခြေစွမ်းတွေကို စတင်သတိထားလာမိတာဖြစ်ကာ အသင်းပေါင်းများစွာကနေလည်း စိတ်ဝင်စားလာခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်အင်းဆီကို ပြောင်းရွှေ့ကစားဖို့အထိပါ နီးစပ်ခဲ့သေးတဲ့ ဗန်ဒယ်ဘိခ်ကို အခုလက်ရှိမှာတော့ ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ဆေးစစ်မှုတွေလည်း ခံယူပြီးပြီဖြစ်လို့ မကြာခင်မှာပဲ အသင်းနဲ့ စတင်မိတ်ဆက်သွားနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်ရှိလာတော့မယ့် ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး နယ်သာလန်အသင်းဖော်ဖြစ်တဲ့ ဗန်ဒိုက်က “ဒွန်နီအတွက် အကောင်းဆုံးတွေ ဖြစ်လာစေဖို့ အူလိုက်သည်းလိုက်နဲ့ကို ဆုတောင်းပေးလိုက်ပါတယ်။ ဒီအပြောင်းအရွှေ့က သူ့အတွက်ရော နယ်သာလန်လက်ရွေးစင်အသင်းအတွက်ပါ အကျိုးရှိစေမှာပါ။ မန်ချက်စတာာယူနိုက်တက်ကလည်း တကယ့်ကို အသင်းကောင်းတစ်သင်းပါ။ အဲ့ဒီမှာ သူရဲ့ကစားသမားဘဝကို မြင့်တင်လာနိုင်ပါလိမ့်မယ်။ နာသန်အကီ(ဘုန်းမောက်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ နယ်သာလန်နောက်ခံကစားသမား)လည်း အဲ့ဒီအတိုင်းပါပဲ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဗန်ဒယ်ဘိခ်ရဲ့ဖခင်ဖြစ်သူက “အိမ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ အရမ်းကို လှပခမ်းနားလွန်းတဲ့ အသင်းကြီးမှာ သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့်တတ်အောင် မြင့်တင်ခွင့်ရတာက အရမ်းကို ကောင်းမွန်လှတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ကလပ်အသင်းပေါင်းများစွာကနေ သူ့ကို စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ဒွန်နီကိုယ်တိုင်ကပဲ သူပြောင်းရွှေ့လိုတဲ့အသင်းကို ရွေးချယ်သွားခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။