မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်လာခဲ့ခြင်း မရှိတာဟာ အသင်းနဲ့ ပူးပေါင်းဖို့အတွက် ငြင်းဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ ပွဲအပြီး အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုလာမှုကို မာစီယဲလ်ကနေ ချက်ချင်း တုံ့ပြန်သွားခဲ့ပြီး သူ့အနေနဲ့ ကလပ်အသင်းနဲ့ ပရိသတ်တွေအပေါ် လေးစားမှု မရှိတာမျိုး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : 90Min

ခရစ္စတီယာနိုရော်နယ်လ်ဒို ဂျေဒန်ဆန်ချိုတို့ အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရသလို ကိုယ်တိုင်ကလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာစီယဲလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲ ပရီးမီးယားလိဂ် (၇)ပွဲသာ ပါဝင်ထားခဲ့ရပြီး ပွဲထွက်ကစားသမားအဖြစ်လည်း (၄)ပွဲသာ ကစားထားရသလို မိနစ်(၉၀)အပြည့် တစ်ပွဲမှ ပါဝင်ခွင့် မရရှိခဲ့ပါဘူး။ ဒီလို အခြေအနေတွေကြောင့် အသင်း အပြောင်းအလဲ လုပ်ချင်နေတဲ့ မာစီယဲလ်ဟာ ဗီလာနဲ့ ပွဲစဉ်မှာလည်း အသင်းရဲ့ လူစာရင်းထဲမှာ ရွေးချယ်ခံထားရပေမယ့် သူကိုယ်တိုင်က အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒမရှိတာကြောင့် မပါဝင်လာနိုင်တာဖြစ်တယ်လို့ နည်းပြရန်းနစ်က အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

ဒါပေမယ့် ရန်းနစ်ရဲ့ ပြောဆိုချက်တွေကို လက်မခံနိုင်ခဲ့တဲ့ မာစီယဲလ်က “ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲကစားပေးဖို့ကို ဘယ်တော့မှ ငြင်းဆန်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီကို ရောက်ရှိနေတာ (၇)နှစ်လောက်ကို ရှိနေပါပြီ။ ကလပ်အသင်းနဲ့ အသင်းပရိသတ်တွေရဲ့အပေါ် မလေးစားတာမျိုး မလုပ်ခဲ့သလို ဘယ်တော့မှလည်း ဒီလိုမျိုးတွေ လုပ်ဆောင်မှာ မဟုတ်ပါဘူး” လို့ သူရဲ့ အင်စတာဂရမ်ပေါ်က ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ ဒီလို ပြောဆိုမှုအရတော့ မာစီယဲလ်နဲ့ နည်းပြရန်းနစ်တို့ကြားမှာ သေချာပေါက် အက်ကြောင်းတွေ ရှိနေနိုင်ပြီး မာစီယဲလ်အနေနဲ့လည်း အခုစျေးကွက်ထဲမှာပဲ ယူနိုက်တက်အသင်းကနေ သေချာပေါက်ကို ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းကို ရန်းနစ် ကိုင်တွယ်ခဲ့ပြီးနောက်မှာ အသင်းက ရလဒ်ရော ခြေစွမ်းပိုင်းတွေပါ သိသိသာသာ တိုးတတ်လာခြင်း မရှိတဲ့အပြင် ကစားသမားတွေကြားမှာလည်း အဆင်မပြေမှုတွေ ရှိလာခဲ့ပြီး ရန်းနစ်ရဲ့ နည်းစနစ်တွေအပေါ် စိတ်တိုင်းမကျခြင်းနဲ့ ရော်နယ်လ်ဒိုကိုပဲ ဦးစားပေး ကစားခွင့်ပေးနေခြင်းတွေကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ချျင်နေတဲ့ ကစားသမား အရေအတွက်ကသာ သိသိသာသာ တိုးများလာခဲ့ရပါတယ်။